Preview

သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်၏ မော်လမြိုင်က နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

အောက်တိုဘာ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :1319
ပြည်တွင်း သတင်း

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၇/၂၀၂၄ 

 သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော် နေအိမ်ကိုစစ်ကောင်စီ ချိပ်ပိတ်လိုက်ကြောင်းသတင်းရရှိသည်။ 

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ထားဝယ်စုရပ်ရှိသံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဦးကိုကိုဇော်၏ နေအိမ်ကိုအကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းကြောင်း စစ်ကောင်စီကလာရောက် ချိပ်ပိတ်သွားခြင်းဖြစ်သည်။ 

 

အောက်တိုဘာ ၂၅ ရက်၊ နေ့လယ် ၃ နာရီခန့်မှာ ကား ၇ စီးဖြင့် လမ်းထိပ် ၂ဖက်ကို ပိတ်ကာ စစ်ကောင်စီပူးပေါင်းအဖွဲ့က ချိတ်ပိတ်သွားခြင်း ဖြစ်ကြောင်းဦးကိုကိုဇော်က ပြောသည်။ 

 

“ သံလွင်တိုင်းမ် အယ်ဒီတာချုပ်အိမ် ဆိုတာထက်ကို မိဘအိမ်ဆိုတာသူတို့အနေနဲ့ သိကြပါတယ်။ ဒီအိမ်က အရင်ကတည်းက ရာဇဝင်နဲ့ အစဉ်အဆက် စောင့်ကြည့် ခံ၇တဲ့အိမ်ဖြစ်နေခဲ့တယ်။ ဒါကြောင့်မလို့ သူတို့က လုပ်တယ်လို့ယူဆတယ်။ တဖက်မှာလည်း  လတ်တလောမှအယ်ဒီတာချုပ်အိမ်ဖြစ်လို့ ပိတ်တယ်လို့တော့ မယူဆဘူး။  သူတို့မှာ အကြောင်း တခုခုကို စောင့်ပြီးတော့မှလုပ်တယ်လို့ ယူဆတယ်”ဟု ပြောသည်။ 

 

လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်သည် ဦးကိုကိုဇော်၏မိဘလုပ်ငန်း မြို့လယ်ပုံနှိပ်တိုက်ကို ချိပ်ပိတ်ကာ ဖခင်ဖြစ်သူကို ထောင် ၆နှစ်၊ ဦးကိုကိုဇော်ကို ထောင် ၇ နှစ်ချမှတ်ခဲ့သေးသည်။ 

 

ယခုတစ်ကြိမ် နေအိမ်ချိပ်ပိတ်ခံရမှုနှင့် ပတ်သက်၍ အထွေအထူးမခံစား၇တော့ကြောင်းဦးကိုကိုဇော်က ဆက်ပြောသည်။ 

 

“ဒီချိပ်ပိတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထူးပြီးမခံစားရပါဘူး။ တပြည်လုံးမှာ ကျနော့ထက်ဆိုးတဲ့ ကျနော့ထက် ဒုက္ခရောက်နေတဲ့မိသားစုတွေအများကြီး ပေါ့နော်။ တချို့ဆို အသက်၊သွေး၊ချွဲတွေ ပေးဆပ်ပြီးတော့မှလူမသိသူမသိ ပျောက်သွားတာတွေလည်း ရှိသလို လူသိတဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့တာပေါ့နော်။ သူတို့တွေ ခံစားခဲ့ရတာတွေနဲ့ စာရင် ဒီအိမ်ချိပ်ပိတ်တာလောက်ကတော့ဘာမှ မပြောပလောက်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး စိတ်ထဲ စိတ်မကောင်းရုံကလွဲပြီး အထွေအထူးတော့လည်းတအားကြီးမခံစား၇ပါဘူး”ဟု ပြောသည်။ 

 

သံလွင်တိုင်းမ်သတင်းဌာနသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် ဖြစ်ပေါ်နေသည့်  လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ နှင့်နေ့စဉ်သတင်းများကို တင်ဆက်ပေးနေသော သတင်းဌာနတစ်ခုဖြစ်သည်။ 

 

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁  ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်က သံလွင်တိုင်းမ်သတင်းဌာနကိုဝင်ရောက်စီးနင်းခဲ့သည့်အတွက် သံလွင်တိုင်းမ် ဝိုင်းတော်သားများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ လွတ်မြောက်နယ်မြေ တစ်နေရာမှသတင်းများတင်ဆက်ပေးနေကြောင်း သိ၇သည်။ 

 

ပုံစာ-သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကိုကိုဇော်နေအိမ်ချိပ်ပိတ်ခံထားရသည်ကို တွေ့၇စဉ်။ 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.