လူထက်နိုင်(ဒွါယာမြီ)- နိရဉ္စရာ၊ နိုဝင်ဘာ ၂၁/၂ဝ၂၄
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာ၌စစ်ကောင်စီစစ်ကြောင်း တစ်ခုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၂ ဦး သေဆုံသွားကြောင်း NUG အမှတ် ၁ စစ်ဒေသမှ နိုဝင်ဘာ၂၁ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၎င်းစစ်ကြောင်းသည်မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိစအရ-၉၁၀ အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်မှူး ကျော်ဇေယျ (ခမရ-၇၀၁) ဦးစီးခမရ (၇၀၁၊ ၇၀၃၊ ၇၀၄) အင်အား (၇၀) ကျော်ပါ စစ်ကြောင်းဖြစ်သည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည်မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) တွင် အင်အားစုဖွဲ့ပြီးသဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာတွင် တော်လှန်ရေးတပ်ဖွဲ့များမှနိုဝင်ဘာလ (၁၇) ရက်နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၎င်းစစ်ကြောင်းအားတိုက်ခိုက်ရာတွင် ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုနှင့် အမှတ် (၅၁၀) တပ်ရင်း၊မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်/ ချမ်းမြသာစည်မြို့နယ်/မတ္တရာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ (၁၂) ဦး သေဆုံးပြီး MA-15 (ငါးကြင်းမြီး) နှင့်MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရမိသည်"ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ညနေ ၅နာရီအချိန်တွင် နမခမှ တက်လာသော Mi-35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလိုမိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်ဗုံးကြဲ တိုက်ခိုက်၍ တိုက်လေယာဉ်ဖြင့် (၂) ကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းအမှတ် (၁) စစ်ဒေသမှထုတ်ပြန်ထားသည်။