Preview

အမ်းတိုက်ပွဲသို့စစ်ကူလွှတ်သည့်ပုသိမ်နှင့်ဓနုဖြူအခြေစိုက်တပ်ရင်းများမှအရာရှိ(၁၀)ဦးခန့် အဆက်အသွယ်ပြတ်တောက်ကာပျောက်ဆုံးနေသဖြင့် မိသားစုတချို့ကိုစစ်ကောင်စီစစ်ဆေး

လူထက်နိုင် | ဒီဇင်ဘာ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :2460
ပြည်တွင်း သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၄  / ၂၀၂၄

အာရက္ခတပ်တော် (AA)နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည့် အမ်းတိုက်ပွဲသို့ စစ်ကူ လွှတ်လိုက်သည့် အရာရှိတချို့ မှာ နောက်တန်း တပ်ရင်းများနှင့် အဆက်အသွယ်မရ ပျောက်ဆုံး နေသဖြင့် ပုသိမ်နှင့် ဓနုဖြူ အခြေစိုက် တပ်ရင်းများမှ ၎င်းအရာရှိများ၏ မိသားစုတချို့အားစစ်ကောင်စီမှ ခေါ်ယူစစ်ဆေးနေကြောင်းပုသိမ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အမ်းတိုက်ပွဲသို့စစ်ကူလွှတ်လိုက်သည့် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့အခြေစိုက်ခလရ (၁၁) နှင့်ဓနုဖြူအခြေစိုက်ခမရ (၁၀၈)မှဗိုလ်မှူးဝင်းဇော်မိုး၊ဗိုလ်ထွန်းမင်း အပါအဝင်စစ်ကောင်စီအရာရှိ (၁၀)ဦးအား ရခိုင်ပြည် အမ်းမြို့တိုက်ပွဲသို့ စေလွှတ်လိုက်ပြီးနောက် တပ်ရင်းနှင့်ဆက်သွယ်မှု ပြတ်တောက်သွားသည့် အတွက် မိသားစုများအားခေါ်ယူစစ်ဆေးနေကြောင်းပုသိမ်မြို့ရှိ စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ထိုသို့ပျောက်ဆုံးနေသောကြောင့်ထွက်ပြေးသွားသည်ဟုဆိုကာပုသိမ်ရှိနောက်တန်းအရာရှိတစ်ချို့နှင့်မိသားစုများအားကိုခေါ်ယူစစ်ဆေးနေခြင်းကြောင်းသိရသည်။

ပုသိမ်မြို့စစ်ရေးသတင်းအရင်းမြစ်က“ ဒီသတင်းကသူတို့စစ်တပ်ကပဲပေါက်ကြားလာတာပါ၊ပုသိမ်အခြေစိုက်နဲ့ ဓနုဖြူအခြေစိုက်ခမရတွေက ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သားအချို့ ရှေ့တန်းတိုက်ပွဲမှ ထွက်ပြေးတာတွေရှိပြီး ထွက်ပြေးဖို့ မြှောက်ပေးတယ်ဆိုပြီး နောက်တန်းကအရာရှိအချို့နဲ့မိသားစုတွေကိုစစ်ကောင်စီကစစ်ဆေးနေတယ်လို့ကြားပါတယ်”ဟုပြောသည်။

ထို့အပြင်ပုသိမ်မြို့ခလရ (၁၁) ရှိ စစ်ထောက်ဌာန၊ စစ်ဦးစီးဌာနတို့အပြင်ဧရာဝတီတိုင်း၊ ရဲတပ်ဖွဲ့ တို့ကိုလည်းစစ်ကောင်စီအထူးအဖွဲ့များမှ ဝင်ရောက်စစ်ဆေးနေကြောင်းသိရသည်။

လက်ရှိအမ်းတိုက်ပွဲအတွင်းအရာရှိတချို့အပါအဝင်စစ်ကောင်စီတပ်သားအများအပြားAAထံ လက်နက်ချသွားကြောင်းသတင်းများထွက်ပေါ်နေပြီးရခိုင်ပြည်နယ်သို့ပို့ဆောင်ခြင်းခံရသည့်ဧရာဝတီတိုင်းမှစစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်တချို့အဆက်အသွယ်ပြတ်တောက်ပြီးပျောက်ဆုံးနေကြောင်းလည်းသိရသည်။

ဧရာဝတီတိုင်း၊မအူပင်အခြေစိုက်ခလရ၂၇မှအရာရှိနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ပြီးခဲ့သည့်စက်တင်ဘာလကရခိုင်ပြည်နယ်ရှေ့တန်းစစ်မျက်နှာပြင်သို့ပို့ဆောင်ခံရပြီးနောက်လက်ရှိအချိန်ထိတပ်ရင်းနှင့်အဆက်အသွယ်ပြတ်တောက်ကာပျောက်ဆုံးနေကြောင်းနောက်တန်းတွင် ကျန်ရစ်သည့် မိသားစုများထံက တစ်ဆင့် သိရှိရသည်ဟုဆိုသည်။

အာရက္ခတပ်တော် ( AA) အမ်းမြို့အခြေစိုက်သိမ်းပိုက်ရန်ကျန်နေသေးသည့်တပ်ရင်း၊တပ်ဖွဲ့များနှင့်စခန်းကုန်များအားလုံးကိုအပြီးသတ်သိမ်းပိုက်ပြီးနောက်တစ်ခုတည်းသောနောက်ဆုံးလက်ကျန်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်းဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များကပြောဆိုသည်။

ဒီဇင်ဘာ၃ရက်နေ့လယ်၁နာရီအချိန်ခန့်ကစတင်ကာအာရက္ခတပ်တော် (AA)မှနပခဌာနချုပ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး  အေအေကပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များထိမှန်၍နပခဌာနချုပ်အတွင်းအဆောင်များမီးလောင်ပျက်စီးသွားကြောင်းသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.