(လက်နက်ပါသူတစ်ဦးစီကို ငွေကျပ်သိန်း၅၀စီဆုချီးမြှင့်)
လူထက်နိုင် (ဒွါရာမြီ)၊နိရဉ္စရာ၊ဒီဇင်ဘာ၂၁ / ၂၀၂၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် စစ်ကူအဖြစ်ရောက်ရှိနေသော စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်းစစ်သား ၉ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်ခဲ့ကြသည်ဟု ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် - BNRA ကဒီဇင်ဘာ၂၁တွင် သတင်းထုတ်ပြန်သည်။
ထိုသို့ အလင်းဝင်လာကြသူ ၉ ဦးအထဲတွင် ၇ ဦးမှာ BNRA သို့ ဝင်လာကြပြီး နောက်ထပ် ၂ ဦးမှာ တစ်ခြားတော်လှန်ရေးအဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်ဟု ဆိုသည်။
BNRA သို့ ဒီဇင်ဘာ (၁၁) ရက်က ပုလဲမြို့ပေါ်ရှိစစ်ကြောင်းမှတပ်သား (၂) ဦးဖြစ်သော တပ်သားအောင်အောင်- ကိုယ်ပိုင်အမှတ် (ပစ/ ၁၁၅၅၆၄)နှင့် တပ်သားလင်းထက်-ကိုယ်ပိုင်အမှတ် (ပစ/ ၁၁၅၅၈၁) တို့သည် အလင်းဝင်လာခဲ့သည်ဟု ထုတ်ပြချက်တွင် ဖော်ပြသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့လည်း တပ်သားအမည်- ပြည့်ကြီး၊ကိုယ်ပိုင်အမှတ်- (ပစ/၁၁၅၅၅၅) ၊တပ်သားအမည်- ကျော်လင်းနိုင်၊ကိုယ်ပိုင်အမှတ် - (ပစ/ ၁၁၅၄၉၆)နှင့်တပ်သားအမည်- မိုးနိုင်၊ကိုယ်ပိုင်အမှတ် - (ပစ/ ၁၁၅၆၄၇) ၊တပ်သားအမည်- ရန်နိုင်၊ကိုယ်ပိုင်အမှတ် - (ပစ/ ၁၁၅၅၃၆) ၊တပ်သားအမည်- ဝေကြီး၊ကိုယ်ပိုင်အမှတ် (ပစ/၁၁၅၆၈၄)တို့ ၅ ဦးသည် လက်နက်များနှင့် အတူ ဆက်သွယ်ပြီးအလင်းဝင်လာခဲ့ကြသည်ဟု ဆိုသည်။
၎င်းတိုက ၅ ဦးသည် MA1 (4) လက်၊ကျည်ဘောက်- ၈ဘောက်၊MA3 (1) လက်၊ကျည်ဘောက်၃ဘောက်နှင့်၅.၅၆ကျည်- 756 တောင့်တို့ လက်နက်ချခဲ့ကြသည်။
အဆိုပါ လက်နက်ချ စစ်မှုထမ်း ပြည်သူ့စစ် သင်တန်းသားများသည် ၂၀၂၄ခုနှစ်၊နိုဝင်ဘာလ၁၄ရက်နေ့တွင် ပုလဲမြို့ပေါ်သို့Mi 17 ဖြင့်အင်အားထပ် ဖြည့်တင်းသော ဘုတလင်စစ်ကြောင်းမှ စစ်ကောင်စီလက်အောက်ခံ စစ်သားများဖြစ်ကြသည်ဟု သိသည်။
၎င်းပြင် ဒီဇင်ဘာ ၁၁ ရက်နေ့က BNRA. သည် ဒရုန်းတစ်စင်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်နက်ဖြင့်အလင်းဝင်CDM ရဲဘော်တစ်ဦးလျှင်သိန်း (၅၀)ကျပ်၊ လက်နက်မဲ့အလင်းဝင်CDM ရဲဘော်တစ်ဦးလျှင် (၅) သိန်းကျပ်စီ အသိအမှတ်ပြု ဆုချီးမြှင့်ခဲ့ကာလွတ်မြောက်ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေဖြင့်နောက်ထပ်CDM ပြုလုပ်ပြီးပြည်သူ့ ရင်ခွင်ခိုလှုံ၍ပြည်သူ့ဘက်ရပ်တည်သွားမည့်စစ်ကောင်စီယန္တရားအတွင်းမှတပ်သားများကိုBNRA မှနွေးထွေးစွာကြိုဆိုကြောင်းအသိပေးဖော်ပြထားသည်။