လူထက်နိုင် (ဒွါရာမြီ)၊နိရဉ္စရာ၊ ဒီဇင်ဘာ၂၇ / ၂၀၂၄
ရခိုင်တွင်စစ်ရှုံးပြီးစစ်ခေါင်းဆောင်တချို့အဖမ်းခံနေရချိန်တွင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စင်ပေါ်တက် သီချင်းသီဆိုဖျော်ဖြေနေခြင်းသည် အခြေအနေအချိန်အခါကို မထောက်ထားပဲ လုပ်ချင်ရာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်ကဝေဖန် ပြောဆိုလိုက်သည်။
“ မင်းအောင်လှိုင်ကအာဏာရူးရူးပြီးတော့ဖြစ်နေတာလို့ကျွန်တော်သုံးသပ်ပါတယ်။ အခြေအနေ အချိန်အခါကို မထောက်ထားပဲနဲ့ လုပ်ချင်ရာလုပ် ပြောချင်ရာ ပြောနေတာ။ တပြည်လုံးမှာ သူ့စစ်သည်တွေ ငတ်ပြတ်ဆင်းရဲ လက်နက်ချနေတဲ့ အချိန်မှာ စင်ပေါ်တက်ပြီးတော့ ပွဲမျိုးစုံ ကနေတာပေါ့ဗျာ။ ဒါကြောင့်မို့သူ့ကို ပွဲကြိုက်မောင်လို့တောင် ပြောနေကြတယ်။ သူဟာ သာမန်ရိုးရိုး အာဏာရူးတာ မဟုတ်တော့ဘူး။ ချုပ်ငြိမ်းဖို့ဘဲ လိုတော့တယ်။ အကဲဖြတ်ချက်တွေ ပေးဖို့တောင် မတန်တော့ဘူး” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ရခိုင်တိုက်ပွဲများတွင်စစ်ကောင်စီတပ်များရှုံးနိမ့်ပြီးစစ်ကောင်စီဗိုလ်မှူးချုပ်အဆင့်အထိ လက်နက်ချ အဖမ်းခံနေရချိန်တွင်စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကDSA ကျောင်းဆင်းပွဲ၄၇နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင်သီချင်းဆိုဖျော်ဖြေနေခဲ့ခြင်းအပေါ်ပြည်သူများ ဝေဖန်လျက်ရှိခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်ကို မေးမြန်းစဉ် သူက အထက်ပါအတိုင်း ဝေဖန်ပြောကြားသွားခြင်းဖြစ်သည်။
AA ထံလက်နက်ချခဲ့ရသောအနောက်ပိုင်းတိုင်းစစ်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက “ မင်တို့ တွေ အနေနဲ့ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပြီးတာဝန်ထမ်းဆောင် မပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီးတော့ လက်နက်ချအလင်းဝင်ကြပါ။တိုက်ပွဲတွေမှာလည်းဘဲ အမြန်ဆုံး အလံဖြူထောင်ပြီးလက်နက်ချကြပါ” ဟုရခိုင်ပြည်တွင် တာဝန် ထမ်းဆောင်နေကြသည့်လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်များကိုသူ၏ အင်တာဗျူးမှ တစ်ဆင့် ပြောကြားခဲ့သည်။
၎င်းပြင်သူက “ နေပြည်တော်မှာရှိတဲ့ဗိုလ်ချုပ်မှူးကြီးအပါအဝင်ခေါင်းဆောင်တွေအနေနဲ့တပ်မတော်ကလက်အောက်ငယ်သားတွေရဲ့အသက်တွေဘ၀တွေကိုငဲ့ညှာသောအားဖြင့်ရခိုင်ပြည်နယ်မှာစစ်ရှုံးနေတယ်ဆိုတာကိုလက်ခံပေးပါ” ဟု တိုက်တွန်း ပြောကြားထားသည်။
ဒီဇင်ဘာလ၂၃ရက်နေ့ညနေပိုင်းရန်ကုန်တိုင်းစစ်ဌာနချုပ်၊ကုန်းမြင့်သာ၊ဇေယျာသီရိဗိမာန်ခန်းမတွင်ပြုလုပ်သည့်စစ်တက္ကသိုလ်DSA အပတ်စဉ်၁၉၏၄၇နှစ်မြောက်နှစ်ပတ်လည်တွေ့ဆုံပွဲသို့မင်းအောင်လှိုင်နှင့်မိန်းမကြူကြူလှတို့တက်ရောက်ခဲ့ကြပြီစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအဆိုတော်ကိုအံ့ကြီးသီဆိုခဲ့သော“သုံးရာသီ” တေးသီချင်းကိုသီဆိုပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းဒီဇင်ဘာလ၂၃ရက်နေ့ပြုလုပ်ခဲ့သည့်DSA အပတ်စဉ်၁၉၏၄၇နှစ်မြောက်နှစ်ပတ်လည်သင်တန်းဆင်းအရာရှိများတွေ့ဆုံပွဲတွင်လုံခြုံရေးအထူးတင်းကျပ်ခဲ့ပြီးမင်းအောင်လှိုင်မိသားစုကပွဲကိုကမကထကျင်းပခဲ့ကာလက်ဆောင်များမဲဖောက်ခြင်း၊ကံစမ်းမဲများပေးခြင်းနှင့်အစားအသောက်များအလျှံပယ်ကျွေးမွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရသည်