သဉ္ဇာနွယ်- နိရဉ္စရာ၊ ဇန်နဝါရီ ၇/၂၀၂၅
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှဝင်ခွင့်ပိတ်လိုက်၍ အမ်း-ပဒါန်းကြားရှိ ကျေးရွာ ပေါင်း ၁၀ ကျော်မှဒေသခံပြည်သူများမှာ တိုက်ပွဲကြား ပိတ်မိနေကြောင်း သတင်းရရှိသည်။
၎င်းကျေးရွာများမှာအမ်း- ပဒါန်းကြားရှိ စာတပ်ကူ၊ဆုံကုံး၊ပြန်ကျီ၊စပြွန်၊စပြွန်ဂိတ်၊စပ်စီ၊ မြေလပ်၊ဂုတ်ကြီး၊နတ်ရေကန်၊စွန်တက်လင်း၊တုံးကြီးနှင့်မထုံ စသည့်ကျေးရွာများဖြစ်ကြသည်ဟုပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" ရိုးပေါ်မှာတိုက်ပွဲတွေကဟိုနေရာ ဒီနေရာဆိုသလို ကွက်ကြားကွက်ကြားဖြစ်နေတော့ အခြေအနေကစိုးရိမ်ရတယ်။ ဒေသခံတွေကပဒါန်းဖက်ကိုထွက်ပြေးလို့မရတော့ဘူး။ တစ်ခုထဲထွက်ပေါက် ပဒါန်းမြို့အဝင်တွေကိုစစ်ကောင်စီကပိတ်လိုက်ပြီ။လူပေါင်း ထောင်ချီရှိပါမယ်။ ဒီရွာတွေက ပဒါန်းမြို့နယ်နဲ့ အမ်းမြို့နယ်ကရွာတွေပါ " ဟု ပြောသည်။
အမ်းရိုးပေါ်တွင် တိုက်ပွဲများဖြစ်နေသည့် အတွက် အမ်း-ပဒါန်းကြားရှိကျေးရွာသားများမှာအမ်းမြို့ဘက်ကိုလည်းထွက်ပြေး၍မရသလို တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့်ပဒါန်းမြို့ကိုလည်း ဝင်ခွင့်ပိတ်လိုက်သည့်အတွက် တိုက်ပွဲကြားတွင်ပိတ်မိနေသည်ဟု၎င်းက ဆိုသည်။
စစ်ကောင်စီသည်လက်ရှိတွင် တိုက်ပွဲဖြစ်နေသည့် ရိုးပေါ်မှ နေရာများနှင့် အနီးဝန်းကျင် ကျေးရွာများ ကိုလေကြောင်းမှ ဗုံးလာကြဲ၍ ဒေသခံပြည်သူများအနေဖြင့်အသက်အန္တရာယ် အထူးစိုးရိမ်နေရကြောင်း သိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် ရိုးပေါ် ရှိ ကားလမ်းတချို့နှင့်ဆိုင်ခန်းငယ်တချို့ပျက်စီးမှုရှိခဲ့သည်ဟု အမ်းဒေသခံအမျိူးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" ရိုးပေါ်က ကားလမ်းတချို့ပျက်စီးနေတာတွေရှိတယ်။ ဂုတ်ကြီးတို့ အဲဒီနားမှာ ဈေးဆိုင်တွေရှိတယ်။ရိုးပေါ်မှာ ကားသမားတွေ ဝယ်စားနေကြတဲ့ကုန်စုံဆိုင်တွေရှိခဲ့တယ်။အခုတော့ လူတွေမရှိတော့ဘူး။ အဲဒီဆိုင်တချို့ လည်း ဗုံးတွေကျ၊လက်နက်ကြီးကျည်တွေကျပြီး ပျက်စီးသွားတာတွေရှိတယ် "ဟုပြောသည်။
တိုက်ပွဲကြားထွက်ပြေးနေသည့် ဒေသခံတချို့မှာ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တချို့တွင် ဖမ်းဆီးခံရမှုများရှိနေပြီးစစ်ဆေးမေးမြန်းခံနေကြရသည်ဟုလည်း ဒေသခံများကပြောသည်။
အမ်းမြို့နှင့်မိုင်၂၀ကွာဝေးသည့် စစ်ကောင်စီ၏ တောင်စောက်တောင်စခန်းကိုလည်း AAမှသိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကာအဆိုပါစခန်းမှ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်သားများကိုAAနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာကနေ ရိုးမပေါ်တွင်တိုက်ပွဲများလည်းအဆက်မပြတ်ဖြစ်နေသည်ဟု ဒေသခံများက ပြောကြားသည်။