Preview

မံစီမြို့ရှိတပ်ရင်းတွေအားလုံးကိုသိမ်းနိုင်တာဗန်းမော်စစ်ဆင်ရေးအတွက် အားရစရာဟု  KIA ပြောခွင့်ရသူဗိုလ်မှူးကြီးနော်ဘူပြော

လူထက်နိုင် | ဇန်နဝါရီ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :585
ပြည်တွင်း သတင်း

(မြို့၁၄မြို့နှင့်တပ်စခန်းပေါင်း၃၂၀ဝန်းကျင်ကို လက်ရှိအချိန်တွင် KIA သိမ်းပိုက်ထိန်းချုပ်ထား)

လူထက်နိုင်၊နိရဥ္စာ၊ဇန်နဝါရီ၈/၂၀၂၅

ကချင်ပြည်နယ်၊မံစီမြို့ရှိစစ်ကောင်စီတပ်ရင်း၃ခုစလုံးကိုကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်ပူးပေါင်းမဟာမိတ်တပ်များကသိမ်းပိုက်လိုက်ခြင်းသည်၂၀၂၅ခုနှစ်သစ်တွင်ပထမဆုံး အောင်မြင်မှုဖြစ်ပြီးလက်ရှိတိုက်ခိုက်နေဆဲဖြစ်သည့် ဗန်းမော်စစ်ဆင်ရေးအတွက် အားရစရာ တစ်ခုဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကနိရဉ္စရာသတင်းဌာနကို ပြောသည်။

 “ မံစီမြို့မှာရှိနေတဲ့၊ခမရ၃၁၉၊  ခမရ၆၀၁ ရယ်၊ခမရ၃၅၂ရယ်ပေါ့နော်။အဲ့ဒါက ဒီမနက် ၁၁ နာရီ ဝန်းကျင် အချိန်လောက်မှာ အားလုံးအပြီးသိမ်းပိုက်လို့ရပါပြီ။ ၂၀၂၅နှစ်သစ်တွင် ပထမဆုံး သိမ်းလိုက်တာဖြစ်ပါတယ်။ လက်ရှိတိုက်နေတဲ့ ဗန်းမော်စစ်ဆင်ရေးအတွက် အားရစရာ တစ်ခု ဖြစ်ပါတယ်”ဟု ပြောသည်။

ကချင်ပြည်နယ်မံစီမြို့ရှိစစ်ကောင်စီ၏တပ်ရင်းသုံးခုကိုကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်ပူးပေါင်းတပ်များကဇန်နဝါရီ၈ရက်နေ့တွင်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

လက်ရှိ ဗန်းမော်မြို့ကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

blob









“ ဗန်းမော်ဖက်ကတော့မရသေးပါဘူး။ တိုက်ပွဲလည်းဆက်ဖြစ်နေပါတယ်။ မံစီမြို့မှာ စစ်ကောင်စီ စခန်းတွေ မရှိတော့ဘူး။ ခုလိုသိမ်းပိုက်နိုင်တာဟာ  ဗန်းမော်စစ်ဆင်ရေး အတွက် အားရစရာ တစ်ခုဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

၎င်းပြင် ဗန်းမော်စစ်ဆင်ရေးနှင့် ပတ်သက်ပြီးလည်း ဗိုလ်မှူးကြီးနော်ဘူက ယခုလို သုံးသပ်ပြောဆိုသည်။

“ မံစီမြို့နယ်တစ်ခုလုံးမှာကတော့စကစစခန်းကတော့မရှိတော့ပါဘူး။ ဗန်းမော်စစ်ဆင်ရေး အတွက်ကတော့အဲ့ဒီမံစီကတပ်တွေကိုသိမ်းနိုင်တာ စစ်ရေးအရ အားသာချက်ဖြစ်သွားတယ်။ ဗန်းမော်စစ်ဆင်ရေးအတွက်ကို အဲ့ဘက်ကခြေကုတ်စခန်းတွေ ကျွန်တော်တို့ ပြန်သုံးလို့ရတဲ့အနေအထားဖြစ်ပါတယ်”ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။

မံစီမြို့သည် ဗန်းမော်-မန္တလေးကားလမ်းပေါ်တွင် တည်ရှိသောမြို့ဖြစ်ပြီးဗန်းမော်မြို့ကိုလုံခြုံရေး ယူပေးထားသည့်တပ်ရင်းများရှိသည့်အတွက်စစ်ရေးအရအရေးပါသော မြို့ဖြစ်ကြောင်း သိရသည်။

မံစီမြို့ကို၂၀၂၄ခုနှစ်မေလတွင်KIA ကစစ်ဆင်ရေး စတင်ခဲ့ပြီးဒီဇင်ဘာ၄ရက်နေ့တွင်ဗန်းမော်မြို့နှင့်မံစီမြို့များကိုKIAနှင့် မဟာမိတ်တပ်များကတစ်ပြိုင်နက်တည်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မံစီမြို့စောင့်တပ်ဖြစ်သည့်ခမရ၆၀၁၊ခမရ၃၁၉၊ခမရ၃၅၂တပ်ရင်း၃ခုစလုံးကိုသိမ်းပိုက်ပြီး ချိန်တွင်ကချင်ပြည်နယ်၌စစ်ကောင်စီစခန်းပေါင်း၃၂၀ဝန်းကျင်သိမ်းပိုက်ခဲ့ပြီ ဖြစ်ကြောင်းလည်းဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“စခန်းလည်းသုံးခုလုံးဆိုတော့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတာလည်း ရှိမှာပါ။ စစ်သုံ့ပန်း တွေလည်း ရှိနိုင်ပါတယ်။ ဗန်းမော်ဖက်ကတော့စခန်းသိမ်းတာ မရှိပါဘူး။ တိုက်ပွဲကတော့ ပြင်းထန်နေတဲ့ အနေအထားဖြစ်ပါတယ်”ဟုဗိုလ်မှူးကြီးနော်ဘူက နိရဉ္စရာကို ပြောသည်။

ဗန်းမော်မြို့သည်ကချင်ပြည်နယ်၏ဒုတိယမြို့တော်ဖြစ်ပြီးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စကခ(၂၁) အခြေစိုက်ရာ မြို့ဖြစ်သလို ခလရ(၂၃၆)၊ ခလရ(၄၇)၊ အမြောက်တပ်အမတ(၃၃၆)၊ (၃၀၄)နှင့်အမှတ် ၇၀၀၆ သံချပ်ကာတပ်၊၅၀၁၄ တင့်ကားတပ်နှင့်လက်ရုံးတပ်ရင်း(၅)ခုခန့် အခြေစိုက်ထားသည့် တပ်မြို့ဖြစ်ပြီးလက်ရှိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။  

တစ်ဖက်တွင်တရုတ်နိုင်ငံနယ်စပ်နှင့် မိုင် ၅၀ ခန့်အကွာတွင်တည်ရှိသဖြင့် စစ်ရေးအရအလွန်အရေးပါသောမြို့ဖြစ်သည်ဟုစစ်ရေး အကဲခတ်များက ပြောသည်။

၂၀၂၄နှစ်ဆန်းပိုင်းကစပြီးလက်ရှိအချိန်အထိကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းရှိမဘိမ်း၊မြို့လှ၊လွယ်ဂျယ်၊ဒေါ့ဖုန်းယန်၊မြို့သစ်၊ဆင်ဘို၊အင်ဂျန်းယန်၊ဆွမ်ပရာဘွမ်၊ဆဒုံး၊ချီဖွေ၊ဆော့လော်၊ပန်ဝါ၊ကန်ပိုက်တီ၊မံစီစသည့်မြို့၁၄မြို့နှင့်တပ်စခန်းပေါင်း၃၂၀ဝန်းကျင်ကိုKIA နှင့်ပူးပေါင်းတပ်များသိမ်းပိုက်ထားကြောင်းသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.