(စစ်ကောင်စီတိုက်လေယာဥ် သုံးစီး ပျက်စီးခဲ့)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၅
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်နှင့် ကယန်းဒေသအတွင်း အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၅၄၂ ဦးရှိလာကြောင်း ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (Progressive Karenni People Force - PKPF)က ထုတ်ပြန်သည်။
အဆိုပါသေဆုံးမှုသည် အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်နှင့် ကယန်းဒေသအတွင်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ စစ်ရှောင်နေစဥ် သေဆုံးသွားသူ ၁၇၆ ဦးနှင့် ကရင်နီကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ ကျဆုံးသူ ၆၈၆ ဦးရှိ ကြောင်းသိရသည်။
စစ်ကောင်စီဖက်မှသေဆုံးသူ ၃၆၆၅ ဦးရှိပြီး စစ်ကောင်စီယာဥ်တန်းပျက်စီးမှု ၆၈ စီး၊ စစ်ကောင်စီတိုက်လေယာဥ်ပျက်စီးမှု သုံးစီးရှိခဲ့ကာ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၄၇ ဦးရှိကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် အဆိုပါဒေသအတွင်း စစ်ကောင်စီနှင့်တိုက်ပွဲအကြိမ်အရေ ၁၂၈၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၇၈၈ ကြိမ်ရှိခဲ့ကြောင်း သိရသည်။
ဘာသာရေးအဆောက်အုံပျက်စီးခံမှု ၅၄ လုံး၊ ပျက်စီးသွားသည့်အိမ် ၂၈၉၇ လုံး၊ ပျက်စီးသော ဆေးရုံ၊ ဆေးခန်း ၁၆ လုံး၊ ပျက်စီးသွား စာသင်ကျောင်း ၂၆ လုံးရှိခဲ့ကြောင်း သိရသည်။
“မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီတပ်အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ကရင်နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စစ်ရေး၊ နိုင်ငံရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ စာရင်းများအကျဉ်းချုပ်ကို မိမိတို့ PKPF မှ သတင်းထုတ်ပြန်တင်ပြခြင်း” ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။