နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂၀၂၅
ကချင်ပြည်နယ်တွင် ဗန်းမော် အခြေစိုက် အမြောက်တပ် အမတ(၃၆၆)ကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ကရင်ပြည်နယ်တွင် မဲဇလီစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ကာ ဗိုလ်မှူးအဆင့်အပါဝင် ၂၀ ကျော် အရှင်ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။
ကချင်ပြည်နယ်၊ဗန်းမော်မြို့အခြေစိုက်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အနီးက အမြောက်တပ်(၃၆၆) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်ကဖေဖော်ဝါရီ ၂ရက်ညနေပိုင်း၌အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟုကချင်စစ်ရေးသတင်းရင်းမြစ်အရ သိရသည်။
ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဖော်ဆောင်နေသည့် KIA ပူးပေါင်းတပ်ကဖေဖော်ဝါရီ၂ နံနက်တွင်ထိုးစစ်အရှိန်မြှင့်တင်ခဲ့ပြီး ညနေပိုင်း ၄နာရီခွဲမှာ အမှတ်(၃၆၆)အမြောက်တပ်ရင်းဌာနချုပ်နှင့်အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် ကိုသိမ်းပိုက်နိုင်ခဲ့သည်ဟုဆို သည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းကလည်း ဗန်းမော်မြို့သံချပ်ကာတပ်ရင်း၊ ဗန်းမော်လေယာဉ်ကွင်း၊စစ်ဘက်ရေးရာလုံခြုံရေးတပ်စု အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများစွာကို သိမ်းပိုက်ရရှိထားသည်။
KIA ပူးပေါင်းတပ်ဟာ၂၀၂၄ ဒီဇင်ဘာ ၄ရက်မှာ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ရာ တိုက်ပွဲ ၂လနီးပါးကြာမြင့်နေပြီဖြစ်ကြောင်းသိရသည်။
အလားတူ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ မဲပလီ(မယ်ပရေးခီး)စခန်းကိုဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၂၀ ကျော်နှင့် အတူ ဟောင်ဝစ်ဇာအပါအဝင်လက်နက်ခဲယမ်းများစွာရရှိသိမ်းဆည်းရမိသည်ဟု ကေအဲန်ယူက ပြောသည်။
အဆိုပါ မဲပလီစခန်းတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၀၅အခြေချတပ်စွဲထားပြီး တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိသည်ဟု KNU စစ်ရေးသတင်းအရင်းအမြစ်ထံကသိရသည်။
မဲ့ပလီ စစ်ဆင်ရေးအတွင်းကရင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးနဲ့ FFD မြေပြင်ချေမှုန်းရေးတပ်ဖွဲ့ဝင် ၁ဦး ကျဆုံးခဲ့သည်။
၎င်းစစ်ဆင်ရေးကို KNLA ၏ ဦးဆောင်မှုနှင့်အတူ PDF၊ BPLA၊FFDတို့ ပူးပေါင်း ပြီး တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
(သတင်းရင်းမြစ်နှင့် ဓာတ်ပုံ- People’s Spring and KIC )