နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄/၂၀၂၅
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ်အား ပိုင်းခြားထားသည့် နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းတွင် ငါးဖမ်းခွင့်ကို ၈ နှစ်ကြာ ရပ်ဆိုင်ထားမှုကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရက ပြန်လည် ဖွင့်ပေးလိုက်ကြောင်း Dhaka Tribune က သတင်းဖော်ပြသည်။
၂၀၁၇ ခုနှစ်စပြီး မြန်မာဘက်က လူမှောင်ခို တင်ပို့မှုနှင့် မူးယစ်ဆေးဝါး တင်သွင်းမှုကို တားမြစ်နိုင်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း နတ်မြစ်တွင် တက်ကနက်မြို့ ဆိပ်ကမ်းကနေ တောင်ဘက် Shah Porir ကျွန်းအထိ ငါးဖမ်းခွင့်ကို ပိတ်ပင်ထားခဲ့သည်ဟု ဆိုသည်။
“ ဘင်္ဂလားဒေ့ရှ် နိုင်ငံက နတ်မြစ်အတွင်း ငါးဖမ်းခွင့် ၈ နှစ် တားမြစ်ချက်ကို ရုပ်သိမ်းလိုက်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လူမှောင်ခိုတွေ စိမ့်ဝင်မှု တားဆီးရေးအတွက် ရှစ်နှစ်ကြာ ပိတ်ထားခဲ့သော နတ်မြစ်အတွင်း ငါးဖမ်းခြင်းကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ။မြန်မာ-ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် နတ်မြစ်အတွင်း ငါးဖမ်းခွင့် တားမြစ်ချက်ကို အစိုးရက ရုတ်သိမ်းလိုက်ပါတယ်” ဟု တက်ကနက်မြို့နယ် UNO က အုပ်ချုပ်ရေး အရာရှိ Sheikh Ehsan Uddin ကပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကော့စ်ဘဇားခရိုင်အုပ်ချုပ်ရေးဌာနမှတက်ကနက်မြို့နယ်(UNO) အရာရှိ ထံစာတစ်စောင်ထုတ်ပြန်ခဲ့သည်ဟုသိရသည်။
“ ဒီကိစ္စကို အတည်ပြုတဲ့အနေနဲ့ Teknaf UNO Sheikh Ehsan Uddin က “နတ်မြစ်ထဲမှာ ငါးဖမ်းတာကို မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ခွင့်ပြုထားပါတယ်။အစပိုင်း သုံးလလောက်ကိုအစမ်းအနေနဲ့ခွင့်ပြုပေးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နဲ့ ကမ်းရိုးတန်းစောင့် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားထားပါတယ်”ဟု ဆိုသည်။
အဆိုပါစာအရ နတ်မြစ်အတွင်း တရားဝင်ငါးဖမ်းလုပ်ငန်းများ ပြန်လည်စတင်ရန်အတွက် လိုအပ်သောခြေလှမ်းများလုပ်ဆောင်ရန် ကော့ဘဇားလက်ထောက်ကော်မရှင်နာအား တရားရုံးချုပ်က ညွှန်ကြားထားသည်။
ထို့ကြောင့် အောက်ဖော်ပြပါ အခြေအနေများအရ ငါးဖမ်းခြင်းအား ခွင့်ပြုပေးခဲ့သည်ဟုဖော်ပြထားသည်။
၁။ နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း Shah Porir ကျွန်းမှတက်နက်ဆိပ်ခံတံတားအထိ ဘင်္ဂလားဒေ့ရှ်၏ ရေပြင်အတွင်းသာ ငါးဖမ်းခြင်းကို ခွင့်ပြုထားသည်။
၂။ တံငါသည်များသည် ခရီးမထွက်မီ သတ်မှတ်ထားသော BGB စစ်ဆေးရေးဂိတ်ငါးခုတွင် ၎င်းတို့၏ တိုကင် သို့မဟုတ် သက်သေခံကတ်ပြားများကို တင်ပြပြီး ပြန်လာသည့်အခါ စစ်ဆေးမှုများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။စစ်ဆေးရေးဂိတ်များကို ရှောင်ရှားခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။
၃။မည်သည့်တံငါသည်မျှ ဘင်္ဂလားဒေ့ရှ်၏ ရေပိုင်နက်နယ်နိမိတ်ကို ဖြတ်ကျော်ပြီးငါးဖမ်းခွင့်မရှိပါ။
၄။ငါးလုပ်ငန်းဦးစီးဌာနသည် စာရင်းသွင်းထားသော ငါးဖမ်းသူများကိုသာ ငါးဖမ်းခွင့်ပြုကြောင်း သေချာစေရန် BGB၊ ကမ်းရိုးတန်းစောင့်နှင့် ဥပဒေစိုးမိုးရေးတို့အတွက် မှတ်ပုံတင်ထားသော ငါးဖမ်းသမားစာရင်းကို ပြုစုပေးမည်ဖြစ်သည်။
၅။ဤခွင့်ပြုချက်သည် ယာယီဖြစ်ပြီး နယ်စပ်အခြေအနေပေါ်မူတည်၍ သုံးလအကြာတွင် ပြန်လည်သုံးသပ်မည်ဖြစ်သည်ဟုဖော်ပြပါရှိသည်။
ရှစ်နှစ်ကြာပြီးနောက် နတ်မြစ်ကို ပြန်လည်ဖွင့်လှစ်ခြင်းသည် တက်ကနက်မြို့နယ် ရှိ ငါးဖမ်းသမားများအတွက် သက်သာရာရစေခဲ့ကြောင်း ဒေသခံတံငါသည်တစ်ဦးဖြစ်သည့် Syed Alam ကပြောသည်။
“ကျွန်တော်က နတ်မြစ်ထဲမှာ ငါးမျှားလာတာ အနှစ် ၂၀ ရှိပြီ။ဒါပေမယ့် မြန်မာဘက်က ဝင်ရောက်လာမှုကြောင့် ၂၀၁၇ခုနှစ်မှာ တားမြစ်ပိတ်ပင်လိုက်တာဟာ ကျွန်တော်တို့အတွက် အလွန်ခက်ခဲစေပါတယ်” ဟု ပြောကြားခဲ့သည်။
“ အိဒ်ပွဲတော် နီးလာတာနဲ့အမျှ မြစ်ကိုပြန်ဖွင့်တာက ကောင်းချီးတစ်ခုလိုခံစားရတယ်။အစိုးရကို ကျေးဇူးတင်ပါတယ်။တံငါသည်တွေအနေနဲ့လည်း မူးယစ်ဆေးဝါး မှောင်ခိုမှု သို့မဟုတ် တရားမဝင် လုပ်ဆောင်မှုများတွင် ပါဝင်ခြင်း မရှိစေရေး ဆောင်ရွက်ပေးရပါမယ်” သူက ဆက်လက် ပြောကြားခဲ့သည်။
နတ်မြစ်ငါးဖမ်းသမားများအသင်းဥက္ကဋ္ဌ Mohammad Aman Ullah က “ရှစ်နှစ်ကြာပြီးနောက်၊ နောက်ဆုံးတော့ အစိုးရက ငါတို့ကို ပြန်ငါးဖမ်းဖို့ ခွင့်ပြုလိုက်ပြီလို့ ပြောပါတယ်။တံငါသည်များ အလွန်ဝမ်းသာကြပါတယ်” လို့ပြောပါတယ်။
“ လမ်းညွှန်ချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး တရားမဝင် လှုပ်ရှားမှုတွေကို တားဆီးသွားမှာပါ”ခရိုင် BNP ၏ဘဏ္ဍာရေးအတွင်းရေးမှူး Mohammad Abdullah မှလည်း ပြောသည်။
"တံငါသည်တွေစည နှစ်ပေါင်းများစွာအခက်အခဲများစွာနဲ့ရပ်တည်ခဲ့ရပေမယ့်လည်းယခုတော့သူတို့ဟာနောက်ဆုံးမှာသက်သာရာရပြီဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် ဒေသန္တရအုပ်ချုပ်ရေးကို ကျေးဇူးတင်ပါတယ်။” ဟုပြောသည်။
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ မွတ်ဆလင်အသိုင်းအဝိုင်းများကို မြန်မာစစ်တပ်က ဖြိုခွင်းခဲ့ပြီးနောက်မြန်မာဘက်ကမွတ်ဆလင်ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများအပြားဝင်ရောက်လာခဲ့သည့် ၂၀၁၇သြဂုတ် ၂၅ ရက်က စတင်တားမြစ်ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက နတ်မြစ်အတွင်း ငါးဖမ်းခြင်းကို ရပ်ဆိုင်းခဲ့ပြီး ရှစ်နှစ်အကြာ ယခုအခါတွင် ကန့်သတ်ချက် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။