Preview

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် PSLF/TNLA ကိုယ်စားလှယ်များ ကူမင်းမြို့သို့ရောက်ရှိ

လူထက်နိုင် | ဖေဖော်ဝါရီ ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :866
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၅

စစ်ကောင်စီကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA)၏ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်း PSLF/TNLA က ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက်တွင် တွေ့ဆုံမှုစတင်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် PSLF/TNLA ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ်ကိုးဦးတက်ရောက်မည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ဆွေးနွေးမည်ဟုလည်း ဆိုထားသည်။

အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က “တခုလုံးအပစ်အခတ်ရပ်စဲရေးဆိုတာကတော့ စစ်ကောင်စီဖက်က အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ အာမခံချက်ရှိမှဖြစ်မှာပါ။ ဆိုလိုတဲ့သဘောကတော့ လေကြောင်းထိုးစစ်တွေ၊ အမြောက်နဲ့ပစ်တာတွေကို စစ်ကောင်စီဘက်က ရပ်ဆိုင်းပေးမယ်ဆိုရင်တော့ တစုံတရာရနိုင်တယ်ပေါ့ဗျာ”ဟု နိရဉ္စရာ၏မေးမြန်းမှုကို ဖြေကြားသည်။

လက်ရှိအချိန်ထိ PSLF/TNLA ထိန်းချုပ်ထားသည့်ဒေသအချို့တွင် တိုက်ပွဲတစ်စုံတရာမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေ၍ အပြစ်မဲ့အရပ်သားများ သေဆုံး၊ ဒဏ်ရာရမှုများ မြင့်တက်လျက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီနှင့် PSLF/TNLA တို့ တွေ့ဆုံဆွေးနွေးအပြီး နောက်ထပ် ၁ဝ ရက်ခန့်အကြာတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)/ အာရက္ခတပ်တော်(AA)နှင့်လည်း စစ်ကောင်စီတို့ ဆက်လက်ဆွေးနွေးရန်ရှိကြောင်း ရန်ကုန်အခြေစိုက် ပေါ်ပြူလာနယူးစ်သတင်းတွင် ဇန်နဝါရီလ ၃၁ ရက်က ဖော်ပြထားသည်။

၁ဝ၂၇ စစ်ဆင်ရေးကို စတင်ရာတွင်ပါဝင်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတို့အကြား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလလယ်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတို့တွင် နှစ်ကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းသို့ဆွေးနွေးပြီးနောက် လက်ရှိတွင် MNDAA နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း တရုတ်အစိုးရဘက်က တရားဝင် ထုတ်ပြောဆိုထားသည်။

ဓာတ်ပုံ - ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် TNLA သိမ်းပိုက်ထားသည့် မန်တုံမြို့ ခလရ(၁၃၀) ကို ကြည့်ရှုစစ်ဆေးနေသည့် ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် TNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo - PSLF/TNLA)

#စစ်ကောင်စီ#စစ်ရေး#နိုင်ငံရေး#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.