Preview

ခလရ (၂၃၆) တပ်ရင်းကို KIA တိုက်ခိုက်သိမ်းပိုက်၊ ဗန်းမော်မြို့ကို ရက်ပိုင်းအတွင်းသိမ်းပိုက်နိုင်မည်ဟု ဗိုလ်မှူးကြီးနော်ဘူပြောဆို

လူထက်နိုင် | ဖေဖော်ဝါရီ ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :1599
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁ /၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ခလရ (၂၃၆) တပ်ရင်းကို KIA မှတိုက်ခိုက်သိမ်းပိုက်ပြီးလိုက်ပြီး တပ်ရင်း (၂၁)တွင် တိုက်ပွဲပြင်းထန်နေကာ ဗန်းမော်တမြို့လုံးအား ရက်ပိုင်းအတွင်း ပိုက်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့  (KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် နိရဉ္စရာသတင်းဌာနကို ပြောကြားလိုက်သည်။

ဗိုလ်မှူးကြီးနော်ဘူက “ဗန်းမော်မြို့တစ်ခုလုံးကိုသိမ်းတဲ့အနေအထားတော့မရှိသေးပါဘူး။ မနက်ဖြန်၊ သန်ဖက်ခါတော့ရမှာပါ။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ခလရ ၂၃၆ ကိုသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ မနက်ဖြန်၊ သန်ဖက်ခါဆိုတာက မင်္ဂလာသတင်းလာတော့မယ်ဆိုတာကို ပြောတာပါ”ဟု ပြောသည်။

ဗန်းမော်မြို့  အခြေစိုက် ခလရ (၂၃၆) တပ်ရင်းကို ဖေဖော်ဝါရီ  ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။  

“စစ်သုံ့ပန်းတွေကတော့ ရှိတော့ရှိမှာပါ။ ကျွန်တော်တို့အတိအကျပြောလို့မရဘူး။ လက်ရှိ တိုက်ပွဲကတော့ တပ်ရင်း (၂၁) ပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ တိုက်ခိုက်တာ ဒရုန်းနဲ့တိုက်ခိုက်တာ အဓိကလုပ်နေပါတယ်။ တိုက်ပွဲပြင်းထန်နေပါတယ်”ဟုပြောသည်။

ဗန်းမော်မြို့ သိမ်းပိုက်နိုင်မည်ဖြစ်သော်လည်း စစ်ကောင်စီဘက်ကလည်း လေကြောင်းနှင့် တိုက်ခိုက်ခြင်း ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ပန်းတိုင်ရောက်ဖို့ကြိုးစားသွားမယ့်အစီအစဉ်ရှိပါတယ်။ ကချင်မှာက ဗန်းမော်လည်း မရသေးဘူးပေါ့နော်။ ရလည်း အားလုံးကင်းစင်တဲ့ အနေအထား မဟုတ်သေးပါဘူး။ ဆက်လက်ပြီး ကြိုးစားဖို့ဆုံးဖြတ်ထားပါတယ်” ဟုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့နယ်အား စစ်ကောင်စီက ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်လက် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်လျက်ရှိသည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ၊ ခလရ  ၂၃၆ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၇၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဒေသတွင်သတင်းများကဆိုသည်။

လက်ရှိ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် အမြောက်တပ် ၃၆၆ ၊ အမှတ် ၆၀၀၇ သံချပ်ကာတပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နှင့် ခလရ ၂၃၆ တပ်ရင်းတို့ကို အပြီးသတ် ရရှိထားကြောင်း သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ ABSDF ၊ PDF အပါအဝင် တော်လှန်ရေးတပ်များစွာ ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အင်တာနက်

 

#စစ်ရေး#KIA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.