ရန်ကုန်နှင့် ပဲခူးတွင် နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲများစတင်တော့မည်ဟု NUG ပြော
လူထက်နိုင်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄ /၂၀၂၅
ရန်ကုန်နှင့် ပဲခူးတိုင်းတို့ကိုစိုးမိုးနိုင်ရန်အတွက် တိုက်ပွဲများ စတင်ဖော်ဆောင်တော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ လက်ရုံးတပ်ဖွဲ့ (SOF) တပ်ဖွဲ့ဝင်များအား မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံရာစဉ် ထိုသို့ပြောကြားနေသောဗွီဒီယိုဖိုင်ကို တောင်ပိုင်းစစ်ဒေသက ဖေဖော်ဝါရီ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
ပြည်ထေင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "မင်းတို့တပ်တွေ ရွှေ့တော့မယ်။ ရွှေ့တော့မယ်ဆိုတာ ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး ဒီဒေသတွေပြန်လည်စိုးမိုးဖို့အတွက် ရည်ရွယ်ချက်ရှိတယ်။ ဒီအတွက်လည်း ရွှေ့တာ၊ ဒီနေ့ရွှေ့တာက တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မယ်ပေါ့၊ မင်းတို့လည်း သင်တန်းတွေပြီးသွားပြီ။ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီ။ မင်းတို့ကြံ့ကြံ့ခံနိုင်တဲ့အတွက်လည်း အများကြီးဂုဏ်ပြုတယ်။ တပ်ထွက်တာကယုံကြည်တယ်။ တပ်ထွက်တယ်ဆိုတာ ပန်းခင်းလမ်းကိုသွားရတာမဟုတ်ဘူး။ စူးခင်းတဲ့ခရောင်းကြမ်းကိုသွားကြတာ။ မင်းတို့ခံနိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်" ဟုပြောကြားခဲ့သည်။
စစ်အာဏာရှင်မရှိရန် တော်လှန်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရည်ရွယ်ချက်များ မပျောက်သွားရန်နှင့် သွေးခွဲမှုများကို နားမယောင်ရန်လည်း ပြည်ထေင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့သည်။