(ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က ခေါ်ယူသွား)
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မတ် ၁၅/၂၀၂၅
မကွေးတိုင်း၊ ငဖဲမြို့၊ ပဒါန်းမြို့နယ်ရှိ ဆုံကုန်းအမြောက်တပ်က လက်နက်ပစ်ခတ်မှုကြောင့် ချင်းဒေသခံ ငါးဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသူများမှာ ဆုံကုန်းအမြောက်တပ်နှင့် ၁၀ မိုင်ခန့်ကွာဝေးသည့် မြစ်ဖျားရွာမှ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။
ဆုံကုန်းအမြောက်တပ်က မတ်လ ၁၃ ရက်၊ ညနေက မြစ်ဖျားရွာနှင့် ပြန်ကြည်ရွာဖက်သို့ လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်ခဲ့ရာ မြစ်ဖျားရွာတွင် လက်နက်ကျည်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ပဒါန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဆုံကုန်းအမြောက်တပ်က တော်တော်ဆိုးတယ်။ လက်နက်ကြီးကျည်တွေနဲ့ အနီးအနားရွာတွေကို လှမ်းပစ်နေတာ။ မြစ်ဖျားရွာကိုကျလို့ ယောက်ျားလေးယောက်က ဒဏ်ရာပြင်းတယ်။ မိန်းမတစ်ယောက်က ဒဏ်ရာသိပ်မပြင်းဘူး" ဟု ပြောသည်။
ဒဏ်ရာရသူများ၏ အမည်နှင့် အသက်တို့ကို လောလောဆယ် မသိရသေးပါ။
ဒဏ်ရာရသူများကို ဆေးကုသရန် ပဒါန်းမြို့သို့သွားစဉ် လက်ပန်တံခါးရွာအနီးတွင် တပ်စွဲထားသည့် တပ်မ (၉၉)မှ စစ်ကောင်စီတပ်သားများက ခေါ်ယူပြီး ဆုံကုန်းအမြောက်တပ်သို့ပို့လိုက်သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဒဏ်ရာရတဲ့သူတွေကို သူတို့ဆေးကုသပေးမဲ့သဘော ခေါ်သွားတာ" ဟု ပြောသည်။
ဆုံကုန်းအမြောက်တပ်သည် အာရက္ခတပ်တော်(AA)ဦးဆောင် တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာကုန်းကို လက်နက်ပစ်ကူပေးသည့် အမြောက်တပ်ဖြစ်သည်။
အဆိုပါအမြောက်တပ်တွင် မတ်လ ၁၃ ရက်၊ ညအချိန်က တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံမှုများထွက်ပေါ်ခဲ့ကြောင်းလည်း သိရသည်။
ဓာတ်ပုံ - စစ်ကောင်စီ၏ အမြောက်တပ်တစ်ခုအား တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။