Preview

ဧရာ၀တီတိုင်း ငသိုင်းချောင်းနှင့် လေးမျက်နှာအစပ်နေရာများကို စစ်ကောင်စီဗုံးကြဲ (ငသိုင်းချောင်းမြို့အနီး နေရာအချို့မှာ တိုက်ပွဲဆက်ဖြစ်နေ)

ခိုင်လူလှ (ရိုးမမြေ) | မတ် ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :1841
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မတ် ၁၉/၂၀၂၅

ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့နယ် အစပ် ကျေးရွာ နှစ်ရွာ အနီးဝန်းကျင်ကို စစ်ကောင်စီလေတပ်က မတ်လ ၁၈ ရက် ညနေ ၆ နာရီခန့်က ဗုံး ၃ လုံးလာကြဲချသွားခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ဗုံးချတာက မှန်တန်းရွာနဲ့ ဝက်ကုန်းရွာနေရာ အနီးဝန်းကျင်းကို ဗုံး ၃ လုံး လာချသွားပါတယ်။ မနေ့က ညနေ ၆ နာရီလောက်မှာပါ။ ဒီငသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ် အစပ်နေရာတွေက စစ်ရေးတင်းမာနေတဲ့ နေရာတွေပါ။ အထိအခိုက် ရှိ မရှိတော့ သတင်းမရရှိသေးပါ”ဟု ပြောသည်။

လေးမျက်နှာမြို့နယ်အတွင်း အာရက္ခတပ်တော် ( AA)ဦးဆောင်သည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ငသိုင်းချောင်းမြို့အနီးရှိ ရိုးမအစပ်နေရာတွင်များတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။

“ ငသိုင်းချောင်းမြို့ ရဲ့  ရိုးအစပ်နေရာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မနေ့ ညနေက ဆိုရင်လည်း သဲဖြူ၊ သစ်ကယ်ကျင်း၊ ကင်းပွန်းချဉ်နဲ့ ကျားကိုက်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီတပ်ကလည်း အမြောက်တွေထုတယ်။ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်”ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် ငသိုင်းချောင်းမြို့ အမှတ် (၃၄၄) အမြောက်တပ်ရင်းနှင့် အနီးဝန်းကျင်းတွင်ဖြစ်င်္ပြး အဆိုပါ နေရာများတွင် မတ်လ ၁၂ ရက်နေ့က စပြီး တိုက်ပွဲများ ပြန်ဖြစ်နေပြီး ပြင်းထန်နေသည်ဟု သတင်းရရှိသည်။

ဧရာ၀တီတိုင်း၊သာပေါင်းမြို့မှ ၂၅ မိုင်ခန့်အကွာ သာပေါင်းလေး၊ကင်းပွန်းချဉ်နှင့် ကျားခေါင်းတို့တွင်အာရက္ခတပ်တော်( AA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြားယခုလ ၁၂ ရက်နေ့ ညနေကစပြီးတိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲသည် ပိုမိုကျယ်ပြန့်လာနေပြီး မတ်လ ၁၃ ရက်နေ့လယ်ပိုင်းတွင်  သာပေါင်းလေး၊ ကျားကိုက်နှင့် သဲဖြူဘက်တွင် ဆက်လက်ဖြစ်ပွားနေသည်ဟုဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

၎င်းဒေသသတင်းရင်းမြစ်က “ အခုတိုက်တိုက်ပွဲဖြစ်တဲ့နေရာတွေက ဘောမိနဲ့ သာပေါင်းမြို့အကြားနေရာတွေမှာ ဖြစ်နေကြတာ။ သာပေါင်းကဆိုရင် ၂၅ မိုင်လောက်ဝေးတဲ့သာပေါင်းလေး၊ ကင်းပွန်းချဉ်နဲ့ကျားခေါင်းတို့ဖြစ်နေကြတာ။ ဒီလ၁၂ ရက် ညနေ ၃ နာရီကနေ စဖြစ်နေတာ။ ၁၃ ရက်နေ့လယ်မှာတော့ကျားကိုက်၊ သဲဖြူဘက်ထိ ကျယ်ပြန့်လာတယ်”ဟု ပြောသည်။

၎င်းတိုက်ပွဲများအတွင်းစစ်ကောင်စီက ဗုံးကြဲလေယာဉ်များ၊ ရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.