လူထက်နိုင်၊ နိရဉ္စရာ၊ မတ် ၂၁/၂၀၂၅
စစ်ကောင်စီတပ်သည် လေးနှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်းပေါင်း ၁ဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။
“လေးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၁,၆၀၀)ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်း စုစုပေါင်း (၃၆၅) ခု ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်းပေါင်း (၁၃၇)ဦးကို အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် မတ်လ ၁ဝ ရက်က ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ကပ်သပြေကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ဆေးရုံအဆောက်အအုံများအပါအဝင် နေအိမ် (၂၀) ခန့် မီးလောင်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၈ ရက်ကလည်း Free Burma Ranger (FBR)အဖွဲ့မှ ဆေးတပ်သားများသည် ကရင်ပြည်နယ်၊ ထောတထူးမြို့နယ်၌ ဒဏ်ရာရပြည်သူများကို ဆေးကုသမှုပေးနေစဉ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးတပ်သားတစ်ဦးမှာ နေရာတွင် ကျဆုံးခဲ့ပြီး ဆေးတပ်သားနှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ဆေးတပ်သား နော်ဆေးမူးဖော (၂၅)နှစ်သည်လည်း ရရှိခဲ့သော မီးလောင်ဒဏ်ရာများဖြင့် မတ်လ ၁ဝ ရက်တွင် ကျဆုံးခဲ့ရသည်ဟုလည်း ဆိုသည်။
အလားတူ မတ်လ ၄ ရက်ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ ကျေးလက် ကျန်းမာရေးဌာနကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးခန်းအဆောက်အအုံ၊ သင်တန်းဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် မတ်လ ၃ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘောင့်ဘင်ကျေးရွာရှိ ဆေးခန်းကို ပစ်မှတ်ထား၍ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦး သေဆုံးခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ထမ်းများ အချိန်မီရှောင်တိမ်းနိုင်၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသော်လည်း ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားအချို့ သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ (၄) နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်”ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေသည်ဟုလည်း NUGU က ဆိုထားသည်။
ဓာတ်ပုံ - ရခိုင်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုပျက်သွားသည့် ဆေးရုံတစ်ခု၏ ခွဲစိတ်ခန်းအား တွေ့ရစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။