ကံ့ကော်နီနီ - နိရဉ္စရာ ၊ မတ် ၂၉ / ၂၀၂၅
ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက ယွမ်သန်း(၁၀၀)တန်ဖိုးရှိ ငလျင်ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူညီများကို ပေးအပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့ မတ်လ ၂၉ ရက်၊ နေ့လယ်တွင် ထုတ်ပြန်သည်။
“မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့စေလွှတ်ကာ တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များစသည့် ဘေးဒဏ်သင့်ဒေသများ အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်အစိုးရ၏ ပထမအသုတ်အကူအညီပစ္စည်းများကို မတ်လ ၃၁ ရက်နေ့တွင် စတင်ပို့ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ နောက်ထပ်အကူအညီများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။
တရုတ်မှ ပထမဆုံးကယ်ဆယ်ရေးအဖွဲ့သည် ယနေ့နံနက်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဘေးဒဏ်သင့်ဒေသများသို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။
ယမန်နေ့ မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်တွင် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂ဝ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။
မြေငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတို့တွင် လမ်းတံတား၊ အဆောက်အဦများပျက်စီးပြီး ပြည်သူပေါင်း ထောင်နှင့်ချီသေဆုံးကာ ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။
ယနေ့မွန်းလွဲပိုင်း စစ်ကောင်စီထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃၇၆ ဦးရှိကြောင်း သိရသည်။
ဓာတ်ပုံ- မြန်မာသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ ၊ ယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ ကို တွေ့ရစဉ်။ (Photo - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။