နိရဉ္စရာ၊မတ်၃၀/ ၂၀၂၅
အဖွဲ့ဝင်၁၂၆ဦးပါ ထိုင်ဝမ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီက ပြည်ဝင်ခွင့်ခွင့်ပြုချက်မပေးသည့်အတွက် မြန်မာပြည်သို့လာရောက်ကူညီရန် အစီအစဉ်ကို ထိုင်ဝမ်က လက်လျှော့လိုက်ပြီဟု ထုတ်ပြန်လာသည်။
ရှာဖွေရေးဝန်ထမ်း ၁၂၆ ယောက်၊ ရှာဖွေရေးခွေးခြောက်ကောင်နှင့် အထူးပြုစက်ပစ္စည်း ၁၅ တန်တို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ခွင့်ပြုချက်ရရှိရန် မတ်လ ၂၉ ရက်နေ့အထိ စောင့်ဆိုင်းနေခဲ့ကြောင်း The Online Citizen (TOC)တွင် သတင်းဖော်ပြသည်။
တုံ့ပြန်မှုအနေဖြင့် ထိုင်ဝမ်အမျိုးသားမီးသတ်အေဂျင်စီ (NFA) သည် ကယ်ဆယ်ရေးပြင်ဆင်မှုများကို လျင်မြန်စွာစတင်ခဲ့သော်လည်းလက်ရှိအချိန်ထိ ပြည်ဝင်ခွင့်မရခဲ့ဟု ဆိုသည်။ ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအတွင်း မတ် ၂၈ ရက် မွန်းလွဲပိုင်း၌ ၎င်း၏ ထိုင်ဝမ်အထူးရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ကို နိုင်ငံတကာအကူအညီပေးရေးတာဝန်ယူထားသည့် လက်ရှိလည်ပတ်နေသော ပင်တုံနှင့် တိုင်ယွမ်တို့မှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
လေဆိပ်တွင်၄၈နာရီကြာပြည်ဝင်ခွင့်ရရန်စောင့်ဆိုင်းနေပြီးနောက်ပြည်ဝင်ခွင့်မရသဖြင့် ယခုကဲ့သို့လက်လျော့လိုက်ရခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။
မြန်မာအစိုးရသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံထားပြီး ထိုင်ဝမ်ကိုနိုင်ငံအဖြစ် အသိအမှတ်မပြုရာမှ ယခုကဲ့သို့ကယ်ဆယ်ရေး လုပ်ငန်းများ ဝင်ရောက်လုပ်ဆောင်ရန်ခွင့်မပြုခြင်းဟုသိရသည်။
ထိုင်ဝမ်ကြက်ခြေနီအသင်းသည်ငလျင်အပြီး မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကိုမြန်မာနိုင်ငံရှိ ၎င်း၏ မိတ်ဖက်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ အဖွဲ့ချုပ် (IFRC) တို့မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကြက်ခြေနီအဖွဲ့မှ ထုတ်ပြန်ထားသည်။
အမေရိကန်ဘူမိဗေဒ တိုင်းတာရေးဌာန (USGS) က မန္တလေးအနီးတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကို ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ထိုင်းမိုးလေဝသဌာနက ပြင်းအား ၈.၂ အဆင့်ရှိ ငလျင်အဖြစ် မှတ်တမ်းတင်ခဲ့သည်ဟု TOC သတင်းအရ သိရသည်။