Preview

နေပြည်တော်အနီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်

မောင်စာဂ | ဧပြီ ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :1439
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၁/၂ဝ၂၅

အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခုသည် နေပြည်တော်အနီးတွင် ယနေ့ ထပ်မံလှုပ်ခတ်သွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၁ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၁၂ မိနစ်တွင် နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု မိုး/ဇလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နေပြည်တော်မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၃) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်”ဟု ဖော်ပြထားသည်။

မတ်လ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီ၊ ၅၁ မိနစ်ခန့်တွင်လည်း နေပြည်တော်ရှိ ယနေ့လှုပ်ခတ်သည့်နေရာကို ဗဟိုပြု၍ ပြင်းအား ရစ်(ခ်)တာစကေး ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့သည်ဟု မိုး/ဇလက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၁၂) နာရီ၊ (၅၁) မိနစ်ခန့်က မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂ဝ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သည့် မြေငလျင်ကြီးတစ်ခု မြန်မာပြည်တွင်း လှုပ်ခတ်ခဲ့သည်။

အဆိုပါငလျင်ဒဏ်ကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့တွင် အပြင်းထန်ဆုံးခံစားခဲ့ရသည်ဟုလည်း သိရသည်။

အဆိုပါငလျင်ကြောင့် နေအိမ်နှင့် အဆောက်အဦများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီးပြီး ယနေ့ ဧပြီလ ၁ ရက်၊ နံနက်ပိုင်းအထိ သေဆုံးသူ ဦးရေ (၂,၀၀၀) ကျော်နှင့် ပြည်သူသောင်းနှင့်ချီ ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါငလျင်လှုပ်ခတ်အပြီး နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်သည်ဟုလည်း ပညာရှင်များက သတိပေးထားသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.