သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၇/၂၀၂၅
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့တွင် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ဟင်းစားထွက်ရှာသည့် ရခိုင်နှင့် ချင်းလူမျိုးများကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်နေသည်ဟု သတင်းရရှိသည်။
ပဒါန်းမြို့တွင် စားဝတ်နေရေးကျပ်တည်း၍ ထင်းခွေ၊ ဟင်းရှာထွက်သည့် ရခိုင်စစ်ဘေးရှောင်များနှင့် အမ်းရိုးပေါ်မှ စစ်ရှောင်နေသည့် ချင်းလူမျိုးများကို ပဒါန်းမြို့၊ ပျဉ်းဝဂိတ်နှင့် ဇမြွန်းဘုရားတောင်ဂိတ်တို့၌ နေရာယူထားသည့် တပ်မ(၉၉)မှ စစ်ကောင်စီစစ်သားများက ဧပြီ ၃ ရက်မှစ၍ ဖမ်းဆီးကာ ဒဏ်ငွေများဆောင်ခိုင်းနေသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အဲဒီဂိတ်တွေမှာ တပ်မ(၉၉)ကနေရာယူထားပြီး ဒေသခံတွေကိုဖမ်းနေတာ။ အဖမ်းခံရတာက စစ်ရှောင်တွေပါ။ ရိုးတောင်ထက်က ချင်းလူမျိုးနဲ့ အမ်းမြို့နယ်က လူတွေပါ" ဟု ပြောသည်။
ဖမ်းဆီးခံရသူများကို ဘုရားတောင်ပေါ်သို့ခေါ်ယူစစ်ဆေးပြီး ဒဏ်ငွေ ကျပ်ခုနစ်သောင်းမှ ကျပ်တစ်သိန်းအထိ ပေးဆောင်ခိုင်းကာ ပြန်လွှတ်ပေးသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
"ဇမြွန်းဘုရားတောင်ပေါ်မှာ စစ်ဆေးမေးမြန်းတယ်။ မှတ်ပုံတင်တွေစစ်တယ်။ ပြီးရင် ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လွှတ်တယ်။ အဓိကဖမ်းရတဲ့အကြောင်းအရင်းက ပဒါန်းမြို့ပြင်ကို သူ့တို့ခွင့်ပြုချက်မပါဘဲ မထွက်ရဘူး" ဟု ပြောသည်။
အမ်းရိုးပေါ်ရှိ နတ်ရေကန်၊ ကမြင်းကန်၊ ဂုတ်စည်းတို့တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ခဲ့သည့်အချိန်မှစ၍ ရိုးပေါ်ရှိ ချင်းလူမျိုးများမှာ ပဒါန်းသို့ စစ်ရှောင်လာရပြီး စားဝတ်နေရေးကျပ်တည်းနေကြကြောင်း သိရသည်။
အမ်းဒေသခံရခိုင်လူမျိုးများမှာလည်း အမ်းမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပဒါန်းနှင့် မင်းဘူးစသည့်နေရာများကို စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်များမှာ နေထိုင်မှုအဆင်မပြေသည့်အပြင် စားဝတ်နေရေးကျပ်တည်းမှု၊ စစ်ကောင်စီ၏ဖမ်းဆီးခံရမှု၊ နေရပ်ပြန်ခွင့်မပြုခြင်းတို့ကြောင့် အခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ၁၁/မှတ်ပုံတင်ကိုင်ဆောင်သည့်ရခိုင်လူမျိုးများသည် ပဒါန်းလမ်းဆုံနှင့် ပျဉ်းဝဂိတ်တို့တွင်ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်သွယ်မရကြောင်း သိရသည်။
စစ်ကောင်စီထိန်းချုပ်မှုအောက်ကို ရှောင်ပြေးသွားသည့် ပြည်မရောက်စစ်ရှောင်များမှာ ကူညီထောက်ပံ့မှုမရသည့်အပြင် စစ်ကောင်စီ၏ဖမ်းဆီးငွေညှစ်ခြင်းကိုလည်း ခံနေရကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။