Preview

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စဂျူလီ ဘစ်ရှော့ မြန်မာ့ငလျင်ဒဏ်သင့်ဒေသသို့ လာရောက်လေ့လာ

မောင်စာဂ | ဧပြီ ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :592
ပြည်တွင်း သတင်း

(ငလျင်ဘေးသင့်ပြည်သူများတွင် လူသားချင်းစာနာသည့် အကူအညီများစွာလိုအပ်နေဟုဆို)

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၁ဝ/၂ဝ၂၅

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျူလီ ဘစ်ရှော့သည် မြန်မာ့ငလျင်ဒဏ်သင့်ဒေသသို့ လာရောက်လေ့လာနေသည်ဟု သိရသည်။

မစ္စဂျူလီ ဘစ်ရှော့သည် ယမန်နေ့ ဧပြီလ ၉ ရက်၊ နံနက်တွင် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ စတင်ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းသို့ရောက်ရှိပြီးနောက် နေပြည်တော်ရှိ စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သေးသည်။

blob
“ထိုသို့တွေ့ဆုံစဉ် ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်”ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စဂျူလီ ဘစ်ရှော့သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားမိကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စဂျူလီ ဘစ်ရှော့သည် ငလျင်ဘေးသင့်ခဲ့သည့်နေရာအချို့သို့ ကွင်းဆင်းနေသည့်ရုပ်သံဖိုင်တစ်ခုကိုလည်း ကုလသမဂ္ဂက ယနေ့ ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

blob
ထိုရုပ်သံဖိုင်တွင် မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်ကြောင့် လူပေါင်း ၃,၅၀၀ ကျော်အသက်သေဆုံးပြီး အဆောက်အဦပေါင်း မြောက်များစွာထိခိုက်ပျက်စီးခဲ့သည့်အတွက် နိုင်ငံတကာ၏ လူသားချင်းစာနာသည့် အကူအညီများ များစွာလိုအပ်နေသည်ဟုလည်း မစ္စဂျူလီ ဘစ်ရှော့က ပြောဆိုထားသည်။

ငလျင်ဒဏ်သင့်ပြည်သူလူထုအတွက် ဆေးဝါးထောက်ပံ့မှု၊ သန့်ရှင်းသည့်သောက်သုံးရေနှင့် ယာယီနေထိုင်နိုင်သည့် အမိုးအကာများလည်း လိုအပ်သည်ဟု ပြောထားသည်။

ယင်းအပြင် လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ယာယီအပစ်ရပ်ကတိများကို ဆက်ထိန်းထားရန်နှင့် ပဋိပက္ခများမရှိမှ အကူအညီပေး‌ရေးလုပ်ငန်းများကို ထိရောက်အောင်ဆောင်ရွက်နိုင်မည်ဟုလည်း ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီဂူတာရက်စ်က ယခုစေလွှတ်လိုက်သည့် အထူးကိုယ်စားလှယ် မစ္စဂျူလီ ဘစ်ရှော့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်လာအောင် ဆွေးနွေးသွားမည်ဟု ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။

မစ္စဂျူလီ ဘစ်ရှော့သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ပြီး တစ်နှစ်နီးပါးကြာတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီနှင့် UN
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.