နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၂၅
မလှိုင်၊ ဝမ်းတွင်းနှင့် တောင်ငူတို့ကို ဗဟိုပြု၍ ယနေ့ ဧပြီ ၁၁ ရက် နံနက်၌ ငလျင် (၄) ကြိမ် ဆက်တိုက်လှုပ်ခတ်သွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီ ၁၁ ရက် အချိန် (၁၁:၂၈: ၅၃)က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၃) မိုင်ခန့် အကွာအနက် - ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားပမာဏ - ၄.၉ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။ အဆိုပါ မြေငလျင်သတင်းအမှတ်စဉ် ၁၁၈အဖြစ် ယနေ့ သတင်းထုတ်ပြန်သည်။
အလားတူမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ကိုဗဟိုပြု၍ အင်အားပမာဏ ( ၅.၀) ရစ်(ခ်) တာစကေးရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ပြီး ၎င်းငလျင်သည် ယနေ့ ဧပြီ ၁၁ ရက် (၁၀:၅၉:၂၉) အချိန်တွင် ဝမ်းတွင်းမြို့၏ အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားခဲ့သည်။
၎င်းပြင် အင်အားပမာဏ - ၄.၃ ရစ်(ခ်)တာစကေးရှိသည့်ငလျင်တစ်ခုသည် ယနေ့ နံနက် (၀၉း၀၂း၂၀) အချိန်တွင် တောင်ငူမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၃) မိုင်ခန့်အကွာအနက် ၁၃ ကီလိုမီတာဗဟိုပြု၍ လှုပ်ခတ်သွားသည်ဟု မိုးလေဝသနှင့် ဇလဗေဒမှ ငလျင် အမှတ်စဉ် (၁၁၆) အဖြစ် ယနေ့ သတင်းထုတ်ပြန်သည်။
ယနေ့နံနက်(၀၈း၄၃း၁၄) အချိန်ကလည်း အင်အားပမာဏ - ၃.၀ ရစ်(ခ်)တာစကေးရှိငလျင်တစ်ခုသည် ဝမ်းတွင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ အနက် - ၂၃ ကီလိုမီတာကိုဗဟိုပြု လှုပ်ခတ်သွားခဲ့သည်။ ၎င်းမြေငလျင်သတင်းအမှတ်စဉ် (၁၁၅)အဖြစ်ဖော်ပြသည်။
ပုံစာ- မတ်လ ၂၈ ရက်နေ့က ငလျင်ကြောင့် ပျက်စီးသွားခဲ့ရသည့် တိုက်တစ်လုံး/Science News