ကံ့ကော်နီနီ- နိရဉ္စရာ ၊ ဧပြီ ၁၂ / ၂၀၂၅
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်နယ်မြေ သစ်လုပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများသည် ဥသျှစ်ပင်မှတဆင့် ပြည်ဘက်သို့အရေးပေါ်ရွှေ့ပြောင်းသွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ဧပြီလ ၁၁ ရက်တွင် ဆင်ကောင်ရေ ၃၀ နီးပါးအထိရွှေ့ပြောင်းမောင်းနှင်သွားခဲ့သလို ယနေ့ဧပြီလ ၁၂ ရက်၊ နံနက် ၆ နာရီတွင်လည်း ဆင် ၁၂ ကောင်ကို ဆင်ဦးစီးလုပ်သားများက မောင်းနှင်ရွှေ့ပြောင်းသွားခဲ့ကြောင်း ဥသျှစ်ပင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
"ဆင်တွေကို ဥသျှစ်ပင်အထွက် လဲရွာလမ္မတော်ဘက်က ဖြတ်ပြီးမောင်းယူသွားတယ်။ မနေ့ကဆို ပိုများတယ်။ ဆင်ကောင်ရေသုံးဆယ်လောက်ရှိမယ်။ ဒီနေ့က ဆယ်ကောင်ကျော်လောက်ရှိတယ်" ဟု ပြောသည်။
ယနေ့နံနက်ပိုင်းက နိရဉ္စရာက ရရှိထားသည့် ရုပ်သံဖိုင်ထဲတွင် ဆင်သားပေါက်နှစ်ကောင်အပါအဝင် ဆင် ၁၂ ကောင်ကို ဆင်ဦးစီးလုပ်သားများက မောင်းနှင်ရွေ့ပြောင်းသွားသည်ကို တွေ့ရသည်။
ယခုဧပြီလဆန်းပိုင်းကလည်း သစ်လုပ်ငန်းသုံး စက်ယန္တရားပစ္စည်းကိရိယာများအား ရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဆင်တွေကို ရိုးပေါ်က ပြောင်းရွှေ့တာဆိုတော့ ရိုးပေါ်ဘက်မှာ အတော် မဟန်တဲ့အခြေအနေရှိပုံရတယ်။ အရင်ကလည်း သစ်လုပ်ငန်းမှာသုံးတဲ့ ဘတ်ဟိုးတွေဘာတွေလည်း ရွှေ့ပြောင်းခဲ့တယ်။ အခုက ဆင်တွေပါထပ်ရွှေ့ပြောင်းတာ" ဟု ဥသျှစ်ပင်ဒေသခံတစ်ဦးက ပြောသည်။
ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းကို အာရက္ခတပ်တော်(AA)က ဧပြီလ ၂ ရက်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်။
ယင်းနောက်ပိုင်း ညောင်ခြေထောက်နယ်မြေရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆)နှင့် ကပစ (၃)ဆင်တဲစသည့် ကပစများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လာနိုင်သည့်အတွက် ယင်းအနီးရှိ သစ်တောကြိုးဝိုင်းမှ ဆင်များကို ပြောင်းရွှေ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။
ပြီးခဲ့သည့် မတ်လပထမအတွင်းကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်ကောင်ရေ ၁၀၈ ကောင်ကို မအူပင်ဘက်သို့အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည်။
ဓာတ်ပုံ - ယနေ့မနက်ပိုင်းက ဥသျှစ်ပင်မှဖြတ်၍ ဆင်များရွှေ့ပြောင်းသွားစဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။