မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၁၈/၂ဝ၂၅
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့(တကသများ-ရန်ကုန်)ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။
မတ်လ ၂၁ ရက်တွင်ကျင်းပခဲ့သော တကသများ-ရန်ကုန်၏ အရေးပေါ်ညီလာခံဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု တကသများ-ရန်ကုန်၏ ယမန်နေ့ ဧပြီ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တကသများ-ရန်ကုန်သည် ကျောင်းသားသမဂ္ဂများပေါင်းစည်းစုဖွဲ့ထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ စစ်အာဏာသိမ်းခဲ့ချိန်မှ ယခုအချိန်ထိ လေးနှစ်တာအတွင်း လုပ်ကိုင်ဖော်ဆောင်ခဲ့မှုများမှာလည်း ကျောင်းသားထုအား ကိုယ်စားပြုလျက် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ယခုအခါတွင်မူ “တကသများ-ရန်ကုန်”အနေဖြင့် ကိုယ်စားပြုထားသည့် ကျောင်းသားထုနှင့် ဝေးကွာလာပြီဖြစ်ကြောင်းကို ကျေလည်လက်ခံပြီးဖြစ်သည့်အတွက် အဆိုပါကိုယ်စားပြုမှုအား ကိုင်စွဲလျက် ဆက်လက်လုပ်ကိုင်ရန်မှာလည်း မဖြစ်သင့်ပြီဟု ယုံကြည်သည်ဟု ဆိုသည်။
“ကျွန်ုပ်တို့ “တကသများ-ရန်ကုန်”တစုတဖွဲ့လုံးအားဖြင့် ကိုင်စွဲထားသော ကိုယ်စားပြုမှုကို သက်ဆိုင်ရာ ကျောင်းသားထုတစ်ရပ်လုံးထံ ပြန်လည်အပ်နှင်းလိုက်ပြီး ကျွန်ုပ်တို့ “ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)”ကိုလည်း တပါတည်း ဖျက်သိမ်းလိုက်ကြောင်း ကျောင်းသားထုနှင့်တကွ လူထုတရပ်လုံးအား လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တကသများ-ရန်ကုန်သည် စစ်အာဏာသိမ်းချိန်မှစ၍ အကြမ်းမဖက် အာဏာဖီဆန်ခြင်းဖြင့်သော်လည်းကောင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)ကိုတည်ထောင်၍ လက်နက်ကိုင်တော်လှန်ခြင်းဖြင့်သော်လည်းကောင်း ဆန့်ကျင်တော်လှန်လာခဲ့သည်မှာလည်း လေးနှစ်ကျော်လာခဲ့ပြီဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“ဤလေးနှစ်ကျော်ကာလအတွင်း ကျွန်ုပ်တို့၏ရဲဘော်ရဲဘက်များစွာမှာ စစ်တပ်၏ မတရားဖမ်းဆီးခြင်းကိုခံရပြီး ရက်စက်စွာ နှိပ်စက်ခံရပြီးနောက် အကျဉ်းထောင်အသီးသီးတွင်လည်းကောင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများရှိခဲ့၍လည်းကောင်း၊ မြင့်မြတ်စွာအသက်ပေး၍ ကျဆုံးခဲ့ခြင်းအားဖြင့်လည်းကောင်း နိုင်ငံရေးလောကဓံအား ကျော်ဖြတ်ခဲ့ပြီဖြစ်သည်”ဟု ဖော်ပြထားသည်။
တကသများ-ရန်ကုန်သည် ဤလေးနှစ်တာတော်လှန်ရေးခရီးကြမ်းတွင် SAF အား နိုင်ငံရေးဦးဆောင်မှုပြုသော မိခင်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့သည်ဟုလည်း ဆိုသည်။
တကသများ-ရန်ကုန်၏ အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများအသီးသီးအနေဖြင့်မူ မိမိတို့မိခင်သမဂ္ဂတခုချင်းစီ၏ သဘောထားဆုံးဖြတ်ချက်များအလျောက် ယခုတော်လှန်ရေးအတွင်း သက်ဆိုင်ရာ ကျောင်းသားထုနှင့်တကွ ပြည်သူလူထုတရပ်လုံးနှင့်အတူ ဆက်လက်ရပ်တည်သွားဦးမည်ဟုလည်း ဖော်ပြထားသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။