လူထက်နိုင်၊ နိရဉ္ဇရာ၊ ဧပြီ ၁၉/၂၀၂၅
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Yangon UG People Army (YUPA) က ယနေ့ ဧပြီ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ဧပြီလ ၁၈ ရက်၊ ည ၁ဝ နာရီခန့်တွင် YUPA နှင့် မဟာမိတ်ညီနောင်ဖြစ်သော Operation Flam (OF)တို့ ပူးပေါင်း၍ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ရန်သူ့ဘက်မှထိခိုက်သေဆုံးမှုရှိနိင်ပြီး အသေးစိတ်ဆက်လက်စုံစမ်းဆဲဖြစ်သည်။ ကျွန်ပ်တို့(YUPA) တပ်ဖွဲ့သည် မြို့ပြ မစ်ရှင်များကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ပါသောကြောင့် ပြည်သူများအနေဖြင့် စကစ များရှိသော နေရာများကို ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံရပ်ပါသည်” ဟု ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ကမာရွတ်မြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်း ရဲစခန်းဘက်မှ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရသည်ဟု နိရဉ္စရာကို ပြောသည်။
“မနက်ကြတော့ လူတွေ အဲဒီဖက်မသွားရဲကြသေးဘူး။ သေတာတွေဘာတွေတော့ အတိအကျမသိရသေးဘူး။ အခုက နေ့ဘက်လည်း အသွားအလာဆင်ခြင်ရတယ်"ဟု ပြောသည်။
ယခု စစ်ဆင်ရေးတွင် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းခဲ့ကြောင်း သိရသည်။
OF တပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်၊ ည ၇ နာရီခွဲကျော်ကလည်း ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ဂိတ်ကင်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။
ထို့အပြင် ဧပြီ ၇ ရက်ကလည်း မင်္ဂလာဒုံတပ်နယ်မှူးရုံး၊ မတ်လ ၃ ရက်ကလည်း ရွှေပြည်သာရဲစခန်း၊ ဖေဖော်ဝါရီ ၂၃ ရက်က မှော်ဘီရဲတပ်ဖွဲ့မှူးရုံးနှင့် ဇန်နဝါရီ ၁၄ ရက်ကလည်း ထောက်ကြန့်ရဲစခန်းတို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-YUPA
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။