Preview

ငလျင်ကြောင့်ထိခိုက်ခံစားရသော ဒေသများတွင် လူဦးရေ ၁၇.၂ သန်းကျော် နေထိုင်ပြီး ၉.၁သန်းသည် အပြင်းထန်ဆုံးငလျင်ဒဏ်ကို ခံစားခဲ့ရကာ၂.၄ သန်းခန့်သည်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေဟု WHO ထုတ်ပြန်

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :783
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဧပြီ ၁၉/၂၀၂၅

မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သောငလျင်ကြောင့်ထိခိုက်ခံစားရသော မြန်မာနိုင်ငံမှဒေသများတွင် လူဦးရေ ၁၇.၂ သန်းကျော် နေထိုင်ပြီး ၉.၁သန်းသည် အပြင်းထန်ဆုံးငလျင်ဒဏ်ကို ခံစားခဲ့ရကာ၂.၄ သန်းခန့်သည်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဧပြီ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်ကြောင့် လူဦးရေ ၃၆ဝဝ ကျော်သေဆုံးကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။ လူဦးရေ ၄၈၀၀ ခန့် ဒဏ်ရာရရှိပြီး ၁၅၀နီးပါး ပျောက်ဆုံးနေဆဲဖြစ်သည်ဟုလည်းဖော်ကြထားသည်။

ကုလသမဂ္ဂ၏ အဆိုအရ ငလျင်ကြောင့်ထိခိုက်ခံစားရသော ဒေသများတွင် လူဦးရေ ၁၇.၂ သန်းကျော် နေထိုင်ပြီး ၉.၁သန်းသည် အပြင်းထန်ဆုံးငလျင်ဒဏ်ကို ခံစားခဲ့ရကာ၂.၄ သန်းခန့်သည်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း၊စစ်ကိုင်းတိုင်းဒေသကြီးသည် ပြီးခဲ့သောငလျင်အတွင်းထိခိုက်မှုအများဆုံးရှိခဲ့သော ဒေသများထဲမှ တစ်ခုဖြစ်ကြောင်းဖော်ပြထားသည်။

ထိုဒေသများတွင်ကျေးရွာများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လမ်းများ၊ ကျောင်းများနှင့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဤပျက်စီးမှုများကြားတွင် WHO မှ ပံ့ပိုးကူညီထားသောဒေသခံကျန်းမာရေးမိတ်ဖက်အဖွဲ့များသည် အခြားရွေးချယ်စရာမရှိသောရွှေ့ပြောင်းနေထိုင်ရသူများအား မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများဆက်လက်ပေးနေဆဲဖြစ်သည်ဟု ဆိုသည်။  

WHO သည် မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာ့တစ်ဝန်းသိုလှောင်ရုံများမှဆေးဝါးများ၊ ဆေးကုသရေးပစ္စည်းများနှင့် အထောက်အပံ့များ ၁၄၀ တန် (၁၄၀မက်ထရစ်တန်) နီးပါးကို စုစည်းထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းဆေးဝါးအထောက်အပံ့များသည် ငလျင်ဒဏ်သင့် ပြည်သူလူဦးရေ ၄၅၀,၀၀၀ ခန့်အားအခြေခံကျန်းမာရေးလိုအပ်ချက်များကို သုံးလခန့်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

အဆိုပါအထောက်အပံ့များတွင် ယာယီရွေ့လျား ကျန်းမာရေးတဲများပါဝင်ပြီးဤတဲများတွင် ကလေးမွေးဖွားခြင်း၊ အရေးပေါ်ခွဲစိတ်ကုသမှုများ ပြုလုပ်ခြင်း၊ဆီးချိုနှင့် သွေးတိုးကဲ့သို့သော ရောဂါများအား ထိရောက်သောကုသပေးနိုင်မည်ဖြစ်ပြီး ယင်းကျန်းမာရေးအထောက်အပံ့များအား မြေပြင်တွင်စီမံခန့်ခွဲမှုများ ဆောင်ရွက်နေသည့် ဒေသခံကျန်းမာရေးမိတ်ဖက်များထံပို့ဆောင်ပြီးဖြစ်သည်။

အချို့ကျန်းမာရေးမိတ်ဖက်များတွင် လောလောဆယ် လုံလောက်သော ပစ္စည်းများရှိသော်လည်း၊ စစ်ကိုင်းရှိ WHO ၏ ကျန်းမာရေးမိတ်ဖက်တစ်ခုကလက်ရှိအခြေအနေများတွင် ရက် ၂၀ စာမျှသော ဆေးပစ္စည်းများသာကျန်ရှိကြောင်းခန့်မှန်းထားသည်။

လမ်းပန်းဆက်သွယ်ရေးသည် အဓိကစိန်ခေါ်မှုတစ်ခုအဖြစ်ဆက်လက်ရှိနေပြီး လမ်းများပျက်စီးကာ သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လာခြင်းကြောင့် အနီးဆုံးမြို့ကြီးဖြစ်သော မန္တလေးမှ ပစ္စည်းများကိုပြန်လည်ဖြည့်တင်းရန်ပင် အခက်အခဲများကြုံတွေ့နေရသည်။

ကျန်းမာရေးလိုအပ်ချက်များ ဆက်လက်မြင့်တက်လျက်ရှိနေပြီး ရုတ်တရက်ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေကြောင်း သတင်းများလည်း ရရှိသည်။

ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ တီဘီ၊ အိပ်ချ်အိုင်ဗွီနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများ၏ အန္တရာယ်မှာ မြင့်တက်လာနေသည်။

အထူးသဖြင့်စစ်ကိုင်းကဲ့သို့သော နေရာများတွင်မြို့နယ် ၃၇ မြို့နယ်အနက် ၆မြို့နယ်တွင်သာ pentavalent 1 ကာကွယ်ဆေး လုံလောက်စွာ လွှမ်းခြုံမှုရရှိထားပြီး၊ ၂၂ မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးလွှမ်းခြုံမှုမှာ၅၀% အောက်သာ ရှိနေသည်။

blob
blob










နာတာရှည်ရောဂါသည်များကဲ့သို့သော ဆေးဝါးများကိုနေ့စဉ်မှီခိုနေရသူများသည်လည်း ဆေးဝါးများပြတ်လပ်လာပါက သို့မဟုတ်ရန်ပုံငွေများ မလုံလောက်ပါက ပြင်းထန်သော အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ရကြောင်း တွေ့ရပါသည်။

“ယခုလက်ရှိဖြစ်ပွါးနေသော ဤငလျင်ဘေးသည် သဘာဝဘေးအန္တရာယ်တစ်ခုတည်းသာ မဟုတ်ပါ။ကာလကြာရှည်နေပြီဖြစ်သော လူသားချင်းစာနာမှုအရေးပေါ်အခြေအနေအပေါ်မှာထပ်ဆင့်ဖြစ်ပွါးနေသည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်" ဟု WHO မြန်မာ၏ ဌာနေကိုယ်စားလှယ် ဒေါက်တာ Thushara Fernando ကပြောကြားသည်။

" ဒေသခံကျန်းမာရေးအဖွဲ့များနှင့် ကျွန်ုပ်တို့၏ပူးပေါင်းဆောင်ရွက်မှုများသည် ငလျင်ဒဏ်သင့်ပြည်သူများထံ လိုအပ်သောကျန်းမာရေးအထောက်အပံ့များ ရောက်ရှိစေရန် အခွင့်အလမ်းများပေး လျက်ရှိပါသည်။ကျွန်ုပ်တို့၏မိတ်ဖက်အဖွဲ့များ၏ အားထုတ်မှုများအတွက်ကျေးဇူးအထူးတင်ရှိပါသည်" ဟုလည်း ဒေါက်တာ Thushara Fernando မှထပ်လောင်းပြောကြားသွားပါသည်။

ဒေသခံကျန်းမာရေးအဖွဲ့များအား ကူညီပံ့ပိုးရုံသာမက၊ WHO သည်အရေးပေါ်ကျန်းမာရေးအဖွဲ့ (EMT) ၁၄ ဖွဲ့ကို စေလွှတ်ပြီးညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

ဤအဖွဲ့များသည်အရေးပေါ်အသက်ကယ်ကုသမှုများနှင့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ကျန်းမာရေးအခြေအနေများအားမြန်ဆန်စွာ အကဲဖြတ်ခြင်းနှင့် တိုးပွားလာသောလူနာများကိုဒေသခံကျန်းမာရေးအဖွဲ့အစည်းများနှင့်အတူ စီမံခန့်ခွဲခြင်းတို့ကိုဆောင်ရွက်နေပါသည်။

ယခုလက်ရှိအခြေအနေများတွင် ကျန်းမာရေးဝန်ထမ်းများအပေါ် စိတ်ပိုင်းဆိုင်ရာဖိစီးမှုမှာ အလွန်ကြီးမားလျက်ရှိသည်။ ရက်သတ္တပတ်ပေါင်းများစွာအရေးပေါ်ကျန်းမာရေးစောင်ရှောက်မှုများ မရပ်မနားဆောင်ရွက်ပြီးနောက်ကျန်းမာရေးဝန်ထမ်း အများအပြားတွင်စိတ်ပင်ပန်းနွမ်းနယ်မှု လက္ခဏာများ စတင်ပေါ်ပေါက်လာနေသည်ကိုလည်းတွေ့ရှိရပါသည်။

သို့သော် ၎င်းတို့သည် အရေးပေါ်စောင့်ရှောက်မှုများကိုဆက်လက်ဆောင်ရွက်လျက်ရှိနေကြဆဲဖြစ်ပြီး ငလျင်ဒဏ်သင့်ဒေသများတွင်ခိုင်ခိုင်မာမာရပ်တည်ပြီး ကြိုးစားလုပ်ကိုင်နေကြဆဲဖြစ်ပါကြောင်းဖော်ပြထားသည်။

WHO သည် အရေးအကြီးဆုံး လိုအပ်နေသော နေရာများတွင်အရေးပေါ်ကျန်းမာရေးအကူအညီများ ဆက်လက်ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၈ သန်းအလှူငွေတောင်းခံထားပြီး WHO Foundation ၏ မြန်မာနိုင်ငံငလျင်အကူအညီရန်ပုံငွေရှာဖွေရေးလုပ်ငန်းသည် ပုဂ္ဂလိကလူပုဂ္ဂိုလ်များ၊စီးပွားရေးလုပ်ငန်းများနှင့် လူမှုဖူလုံရေးအဖွဲ့အစည်းများထံမှအရေးပေါ်ရန်ပုံငွေများ ရှာဖွေလျက်ရှိပါသည်ဟုဖော်ပြထားသည်။ 

#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.