လူထက်နိုင်၊နိရဉ္စရာ၊ ဧပြီ ၂၂ /၂၀၂၅
နေပြည်တော်ဥတ္တရသီရိမြို့နယ်လမ်းပိုင်တစ်နေတွင်ကပစ (၁၃)မှဗိုလ်မှူးဖြိုးမင်းကျော်နှင့်တပ်ကြပ်အဆင့်ရှိသူ၂ဦးအားဖမ်းဆီးရမိပြီးတိုက်ပွဲအတွင်းသေဆုံးသွားခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဧပြီ၂၁ရက်နေ့တွင်ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများ၏အချက်အလက်ကိုPLA ကဖော်ပြရာတွင်ဗိုလ်မှူးဖြိုးမင်းကျော် (ပြန်တမ်းဝင်အမှတ်ကြည်း - ၄၆၁၁၇၊အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊စက်ရုံဌာနချုပ်)၊တပ်ကြပ်အောင်ဇော်နိုင် (တ - ၂၁၉၃၄၆၊အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမှတ် (၃) တပ်ခွဲ) နှင့်ရဲဒုတပ်ကြပ်ထွန်းပြည့်စုံတို့ဖြစ်ကြောင်းဖော်ပြသည်။
ကပစ-၁၃မှဗိုလ်မှူးနဲ့အဖွဲ့အားစစ်ကောင်စီရုံးစိုက်ရာနေပြည်တော်၊ဥတ္တရသီရိမြို့နယ်လမ်းပိုင်းတနေရာကို ဧပြီလ၁၉ရက်နေ့တွင်OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှသုံးနာရီကျော်ကြာထိန်းချုပ်စစ်ဆေးစဉ် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
ထိန်းချုပ်နေရာမှပြန်လည်ဆုတ်ခွာပြီးအပြန်တွင်စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီသုံ့ပန်းများသေဆုံးခဲ့ပြီးဗိုလ်မှူးနှင့်အဖွဲ့ထံမှစစ်ဘက်ဆိုင်ရာအသုံးအဆောင်များ၊ငွေကြေးများအပါအဝင်ကာလတန်ဖိုးကျပ်သိန်းနှစ်ထောင်ကျော်သိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များဘက်ကရဲဘော်များအားလုံးအထိအခိုက်မရှိဘဲအောင်မြင်စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်းPLAမှထုတ်ပြန်ထားသည်။
ဓာတ်ပုံ- PLA