မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၂၃/၂ဝ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပိတ်ပင်မှုကြောင့် လုပ်ငန်းရပ်နားထားရသည့် အမေရိကန်အသံ(VOA)နှင့် လွတ်လပ်သည့်အာရှအသံ (RFA)သတင်းဌာနတို့၏ သတင်းလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပေးရန်နှင့် အမေရိကန်အစိုးရက ဖြတ်တောက်ထားသည့်ငွေကြေးများကို ပြန်လည်ထောက်ပံ့ပေးရန် အမေရိကန် ဖက်ဒရယ်တရားသူကြီးက ယနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု အဆိုပါသတင်းဌာနများနှင့် နီးစပ်သူများက ပြောသည်။
အမေရိကန် ဖက်ဒရယ်တရားသူကြီး ရွိုက်စ် လမ်းဘာ့သ်က ယနေ့ ဧပြီ ၂၃ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
VOA သတင်းဌာန၏ သတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ ကိုကျော်ကျော်သိန်းက “အဓိကတော့ VOA ကိုရော၊ RFA ကိုရော မတ်လ ၁၄ ရက်နေ့ မပိတ်ခင်က အနေအထားအတိုင်း အကုန်လုံး ပြန်လုပ်ဖို့ အမိန့်ချတယ်။ ပြီးတော့ ကွန်ဂရက်ကချပေးထားတဲ့ Funding (ငွေကြေး)တွေအကုန်လုံးကိုလည်း အဲဒီတိုင်းပဲ အကုန်ပြန်ပေးဖို့ဆိုပြီးတော့ အမိန့်ချတယ်ပေါ့နော်။ ဒါ အဓိက နှစ်ချက်လို့ ကျနော် သိထားရပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
အမေရိကန်အစိုးရ၏ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (US Agency of Global Affairs Media-USAGM) လက်အောက်ခံသတင်းဌာနများဖြစ်ကြသော VOA နှင့် RFA တို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၄ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပိတ်သိမ်းလိုက်မှုအပေါ်မကျေနပ်၍ ထိုသတင်းဌာနနှစ်ခုမှ တာဝန်ရှိသူအချို့နှင့် သတင်းထောက်များက USAGM ကို တရားစွဲဆိုခဲ့သည်။
ယင်းသို့တရားစွဲဆိုခဲ့မှုနှင့်ပတ်သက်ပြီး အမေရိကန်တရားသူကြီး ရွိုက်စ် လမ်းဘာ့သ်က ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့အမိန့်ချမှတ်လိုက်မှုအပေါ် ထိုင်းအခြေစိုက် လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM)၏အတွင်းရေးမှူး ဆရာဦးတိုးဇော်လတ်က ကြိုဆိုသည်ဟု နိရဉ္စရာကို ပြောသည်။
“ဒါပြီးရင် ကွန်ဂရက် ဆက်တက်ရဦးမယ်။ ထရန့်က လက်ရှိသမ္မတလေ။ အစိုးရက ဘယ်လိုတုံ့ပြန်မလဲကြည့်ဦးမယ်။ တခြားအဆင့်တွေအများကြီးကျန်ပါတယ်။ ဒါပေမဲ့ကြည့်ရတာတော့ အခုလိုမျိုး ပဏာမဆုံးဖြတ်တယ်ဆိုရင်တော့ တရားစွဲဆိုတဲ့ဘက်ကနိုင်ဖို့ တော်တော်အခြေအနေကောင်းသွားပါတယ်”ဟု သုံးသပ်သည်။
VOA နှင့် RFA တို့သည် USAGM ၏ ရန်ပုံငွေဖြင့် လည်ပတ်နေရခြင်းဖြစ်ပြီး သမ္မတထရန့်၏ မတ်လအတွင်းက ပိတ်ပင်တားမြစ်ခဲ့မှုကြောင့် ရန်ပုံငွေများလည်း ရပ်ဆိုင်းခံခဲ့ရကာ လုပ်ငန်းများလည်း ရပ်တန့်သွားခဲ့ရသည်။
VOA ဆိုလျှင် သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနှင့် အထောက်အကူပြုဝန်ထမ်းပေါင်း ၁၃ဝဝ ခန့်သည် မတ်လ ၁၅ ရက်မှစတင်ကာ ရုံးတက်ခွင့်မရှိတော့ဘဲ လစာဖြင့် ခွင့်ပေးခံလိုက်ရသည်။
RFA ဆိုလျှင်လည်း ထုတ်လွှင့်နေသည့် အစီအစဉ်အများအပြားနှင့် ဝန်ထမ်းများကို လျှော့ချ လုပ်ကိုင်နေရသည်။
VOA သတင်းဌာနသည် ၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီများ၏ဝါဒဖြန့်မှုကို တုံ့ပြန်ရန်နှင့် ဝါဒဖြန့်မီဒီယာများကို တိုက်ထုတ်ရန် ထူထောင်ခဲ့သည့်သတင်းဌာနဖြစ်သည်။
လက်ရှိတွင် VOA သည် မြန်မာအပါအဝင် ကမ္ဘာတဝန်းသို့ ဘာသာစကား ၄၉ မျိုးဖြင့် ထုတ်လွှင့်နေပြီး ပရိသတ်စုစုပေါင်း ၁၉ သန်းခန့်ရှိသည်ဟု သိရသည်။
အလားတူ RFA သတင်းဌာနသည်လည်း ၁၉၉၆ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ဥပဒေပြဋ္ဌာန်းမှုဖြင့် ပေါ်ပေါက်လာသော သတင်းဌာနဖြစ်သည်။
လက်ရှိတွင် RFA သည် မြန်မာအပါအဝင် အာရှဘာသာစကားကိုးမျိုးဖြင့် ထုတ်လွှင့်နေပြီး ပရိသတ် ၁၄ သန်းခန့်ရှိသည်ဟု သိရသည်။
အဆိုပါသတင်းဌာနနှစ်ခုသည် သတင်းများကို စာသတင်းအပါအဝင် ရေဒီယို၊ တီဗီနှင့် အွန်လိုင်းပလက်ဖောင်းမျိုးစုံတို့မှတဆင့် ထုတ်လွှင့်နေသည့်သတင်းဌာနများဖြစ်သည်။
ဓာတ်ပုံ - VOA နှင့် RFA တို့၏ လူမှုကွန်ရက်စာမျက်နှာများ။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။