နိရဉ္စရာ၊ ဧပြီ ၂၄/ ၂၀၂၅
ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့မှ ရွှေဆိုင်ပိုင်ရှင်၊ ဆန်စက်၊ ဆီစက်နှင့် ပဲရုံပိုင်ရှင် ၁၀ ဦးခန့်ကို စစ်ကောင်စီခေါ်ယူစစ်ဆေးနေသည်ဟု သတင်းရရှိသည်။
သူတို့နှင့် နီးစပ်သူ တစ်ဦးက “ဒီလ ၂၂ ရက်နေ့ ညနေဘက်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ အကုန်လုံးက ရွှေဆိုင်ပိုင်ရှင်၊ ဆန်စက်၊ ဆီစက်နှင့် ပဲရုံပိုင်ရှင် ၁၀ ဦးခန့်လို့ သိရပါတယ်။ နာမည်တွေတော့ လောလောဆယ် ထုတ်ဖော်ပြောဆိုဖို့ မဖြစ်နိုင်သေးပါဘူး’ဟု ပြောသည်။
၎င်းတို့အား AAနှင့် PDF တို့အား ထောက်ပံ့ကူညီမှုများပြုလုပ်သည့် သံသယဖြင့် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရကြောင်း ၎င်းက ပြောဆိုသည်။
“ ကြားရတာကတော့ AA နဲ့PDF အဖွဲ့တွေနဲ့ ဆက်နွယ်မှု၊ ထောက်ပံ့မှုရှိတယ်ဆိုပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီနေ့အချိန်ထိတော့ အိမ်ပြန်မရောက်ကြသေးဘူး။ ငသိုင်းချောင်းမှာ ထောက်လှမ်းရေးတွေ၊ စစ်သားတွေ ခြေရှုပ်နေတယ်” ဟု ပြောကြားသည်။
လက်ရှိ ရေနံသာဂိတ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားပြီး အစစ်အဆေးထူပြောနေသည်ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်ပြီး ငသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းကို ဆက်သွယ်၍ မရသဖြင့် စစ်ကောင်စီဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်းတော့ မရှိသေးပါ။
ယခုနောက်ဆုံးရရှိသော သတင်းအရ စစ်ကောင်စီလေတပ်သည် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ပန်းတောကြီးနှင့် အနီးရှိ ရခိုင်ရိုးမတောင်ခြေများအား လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရှိရသည်။
ပုံစာ- ပန်းတောကြီးကျေးရွာလွန်ခဲ့သည့် ရက်အနည်းက ဗုံးကြဲခံရ၍ မီးလောင်နေစဉ်။ (ဓာတ်ပုံ- ပေးပို့)