Preview

အပစ်ရပ်ကြေညာထားသည့်စစ်ကောင်စီက နတ်ရေကန်စခန်းအနီး ကာကင်းစခန်းအသစ်များ တိုးချဲ့တည်ဆောက်ပြီး စစ်အင်အားဖြည့်နေ

သဉ္ဇာနွယ် | ဧပြီ ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :1296
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၂၅/၂၀၂၅

အပစ်အခတ်ရပ်စဲထားသည်ဟုကြေညာထားသည့်စစ်ကောင်စီက အမ်းရိုး‌ပေါ်ရှိ နတ်ရေကန်ဗျူဟာစခန်းအနီးတွင် ကာကင်းစခန်းအသစ်များကို အခိုင်အမာတိုးချဲ့တည်ဆောက်ပြီး စစ်အင်အားဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာစခန်းအနီးအနားတွင် စစ်ကောင်စီဖက်က ဧပြီ ၂ ရက်မှ ၂၂ ရက်ကြား ပထမအကြိမ် အပစ်အခတ်ရပ်စဲခဲ့သည့်ကာလတွင် ကင်းစခန်းငယ်အသစ်များတိုးချဲ့တည်ဆောက်ကာ အင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"နတ်ရေကန်ဗျူဟာစခန်းနားမှာ အရင်က ရှေ့စခန်း၊ နောက်စခန်းဆိုပြီးရှိတယ်။ အခုဆိုရင် အလယ်မှာရော၊ ဘေးပတ်ဝန်းကျင်မှာရော ပတ်ပတ်လည် နတ်ရေကန်ဗျူဟာစခန်းကို ကာရံထားသလိုမျိုး အသစ်တည်ဆောက်ထားတာ"ဟု ပြောသည်။

လက်ရှိ နတ်ရေကန်ဗျူဟာစခန်းတွင် အင်အား ၅၀၀ ခန့်အထိရှိပြီး ကာကင်းစခန်းတည်ဆောက်ထားသည့် နေရာမှစစ်ကောင်စီအင်အားနှင့်ပေါင်းလျှင် ထောင်နှင့်ချီရှိနိုင်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

"အင်အားတွေဒီလောက်အများကြီးဖြည့်တာ၊ ကာကင်းစခန်းတွေဆောက်နေတာက AA ရဲ့ထိုးစစ်က နတ်ရေကန်ကနေ မကွေးကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)ကိုရောက်ဖို့ တံတိုင်းတခုလိုဖြစ်နေတယ်" ဟုပြောသည်။

စစ်ကောင်စီ၏ နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာကုန်းစခန်းကျပါက မကွေးကပစ၏ အဓိက တံတိုင်းကြီးသဖွယ်ဖြစ်သည့် ငဖဲမြို့၊ ပဒါန်းမြို့ဆုံကုန်းအမြောက်တပ်သို့ အာရက္ခတပ်တော်(AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာစခန်းကို AA ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအနီးအနားတဝိုက် AA ရှိနိုင်သည်ဟုယူဆသည့်နေရာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန်ဟုဆိုကာ ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ပထမအကြိမ် တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ ဒုတိယတစ်ကြိမ်အဖြစ် ဧပြီ ၂၂ ရက်နေ့မှစကာ နောက်ထပ် တစ်ပတ်တိတိ သက်တမ်းတိုးကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယင်းသို့ အပစ်ရပ်ထားသည်ဟုဆိုသော်လည်း စစ်ကောင်စီသည် ကာကင်းစခန်းများတိုးချဲ့တည်ဆောက်ခြင်း၊ စစ်အင်အားဖြည့်ခြင်း၊ စစ်ကြောင်းထိုးခြင်းနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့/ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.