ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဧပြီ ၂၅/ ၂၀၂၅
အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကိုမခံနိုင်သည့်အတွက် စစ်ကောင်စီတပ်သားတစ်ဦးသည် ကျောင်းသားလက်ရုံးတပ်တော် (SAF)ထံတွင် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်သားမှာ ကိုယ်ပိုင်အမှတ် (ပစ ၁၁၇၉၃၉) စစ်မှုထမ်းအပတ်စဉ် (၄)မှ တပ်သားမင်းခန့်ဖြစ်သည်။
သူသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းအနီးရှိ စစ်ကောင်စီ၏ ပုဂံကွဲစခန်းအနီး AA နှင့် တိုက်ပွဲဖြစ်ပြီးနောက် AA ထိုးစစ်ကိုမခံနိုင်၍ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ယမန်နေ့ ဧပြီ ၂၄ ရက်က SAF က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပြောဆိုထားသည်။
တပ်သားမင်းခန့်က "AA ဖက်က အယောက် ၁၅၀၀ လောက်ရောက်လာတော့ ကျနော်တို့ စီးပြီးတော့ ပစ်တယ်။ ပစ်ရင်းနဲ့ ကျနော်တို့က ဘယ်လိုမှ မခုခံနိုင်တဲ့အဆုံး ပုဂံကွဲစခန်းနောက်ကို ပြန်ဆုတ်လာတယ်။ လူတွေကလည်း တော်တော်ကျနေပြီ။ ၅၂ ယောက်မှာ ၁၅ ယောက်၊ ၂၀ လောက်ပဲ ကျန်တော့တယ်။ ဘယ်လိုမှ မနိုင်တဲ့အဆုံးမှာ နောက်ကိုပြန်ဆုတ်တာပေါ့" ဟု ပြောဆိုထားသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် တပ်သားမင်းခန့်သည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး SAF ထံတွင် အလင်းဝင်ရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်။
တပ်သားမင်းခန့်သည် ၂၀၂၄ ခုနှစ်၊ မေလတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်းရှိ သူ၏ နေအိမ်၌ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့၏ ပေါ်တာဆွဲခြင်းခံခဲ့ရကာ အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းခံခဲ့ရသည်ဟု သိရသည်။
စစ်မှုထမ်း အပတ်စဉ် (၄) စစ်သင်တန်းဆင်းပြီးနောက် စကခ (၁၀)၊ ခမရ ၃၆၅ တပ်ရင်း (မော်လိုက်)တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သူက ရုပ်သံဖိုင်တွင်ပြောဆိုထားသည်။
လက်ရှိတွင် သူသည် SAF ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ထုတ်သွားမည်ဟုလည်း ပြောဆိုထားသည်။
ဓာတ်ပုံ - SAF
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။