လူထက်နိုင်၊ နိရဉ္ဇရာ၊ ဧပြီ ၂၆ /၂၀၂၅
နိုင်ငံရေးဖိအားများကြောင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့မှဆုတ်ခွာရခဲ့ရသည့်အတွက် များစွာဝမ်းနည်းရကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ဖော်ပြောကြားလိုက်သည်။
MNDAA ၏ The Kokang မီဒီယာမှတဆင့် ယနေ့ ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရပါ ကြောင်း ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်” ဟု The Kokang မီဒီယာ၏ဖော်ပြချက်တွင် ပါရှိသည်။
ကိုးကန့်တပ် (MNDAA)အနေဖြင့် ထိုသို့ နိုင်ငံရေးဖိအားများစွာကြောင့် စစ်ရေးအရ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြော ဆိုခဲ့ခြင်းဖြစ်သည်။
“လားရှိုးမြို့သိမ်းတိုက်ပွဲအောင်မြင်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးကာလအတွင်း ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်ပေါင်းများ စွာကိုလည်း ချမှတ်ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း နိုင်ငံရေးဖိအားများအရ လားရှိုးပြည်သူ့ဆေးရုံကြီး ပိတ်ခဲ့ရသည့်အပေါ် ကျန်းမာရေးဝန်ထမ်းများက များစွာဝမ်းနည်းစိတ် မကောင်းဖြစ်ကြောင်း သိရှိရသည်” ဟု The Kokang က မီဒီယာ၏ဖော်ပြချက်တွင် ပါရှိသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် MNDAA အကြား အပစ်ရပ်ရန် သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်သည် လားရှိုးမြို့မှ ဧပြီ ၂၁ ရက်တွင် ထွက်ခွာခဲ့ရပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေပြီဖြစ်သောကြောင့် ဝေဖန်မှုများလည်းရှိနေသည်။