Preview

ကပစများအနီး တိုက်ပွဲများပြင်းထန်လာချိန် ကပစထုတ်လက်နက်များ အရည်အသွေးပိုကောင်းအောင်ထုတ်လုပ်ကြရန် စစ်ခေါင်းဆောင်တိုက်တွန်း

မောင်စာဂ | ဧပြီ ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :2249
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၂၈/၂ဝ၂၅

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအနီး တိုက်ပွဲများပြင်းထန်လာပြီး ကပစများလည်း နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်ခံနေရချိန်တွင် ကပစထုတ် လက်နက်များကို အရည်အသွေးပိုကောင်းအောင် ထုတ်လုပ်ကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

ဧပြီ ၂၆ ရက်၊ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နယ်မြေခံတပ်ဌာနချုပ်ခန်းမတွင်ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်ဟု ဧပြီ ၂၇ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းဆိုသည်မှာ စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်တဲ့အတွက် အရည်အသွေးပိုကောင်းသည်ထက်ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည်မြင့်မားသည်ထက် မြင့်မားအောင် နယ်ပယ်စုံကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်”ဟု ပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီ၏ မကွေးတိုင်း၊ ဧရာဝတီတိုင်းထဲရှိ ကပစများအပါအဝင် အခြားဒေသများရှိ ကပစအနီးအနားတွင် အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး အဆိုပါကပစအနီးအနားရှိ စစ်ကောင်စီတပ်စခန်းများကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလာနေရသည်ဟု သိရသည်။

ယင်းအပြင် ကပစများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပုံစံမျိုးစုံဖြင့် တိုက်ခိုက်ခြင်းကို ခံနေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်၊ ည ၁၂ နာရီခန့်ကလည်း မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏ ကပစ (၁၃)ကို Brave Warriors for Myanmar (BWM) အဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့က ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံများ ထိမှန်ခဲ့ပြီး ထိခိုက်မှုအများအပြားရှိကြောင်း BWM က ထုတ်ပြန်ထားသည်။

အဆိုပါကပစ (၁၃)သည် အသေးစား ကျည်ဆံမှအစ အကြီးစား လေယာဉ် ဗုံးသီးများအထိ အဓိက ထုတ်လုပ် ပေးနေသည့် စစ်ကောင်စီ၏ အရေးပါသော ကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ကောင်စီ၏ကပစများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ရိုက်ခြိမ်းခြောက်လာနေသည့်အတွက် စစ်လက်နက်များကို အရည်အသွေးမြှင့် ထုတ်လုပ်ရေးထက် ပုံမှန်ထုတ်လုပ်ရေးအတွက်ပင် ကြိုးစားရုန်းကန်နေရသည့်အနေအထားဖြစ်နေပြီဟု CDM ဗိုလ်ကြီး ဇင်ယော်က နိရဉ္စရာကို ပြောသည်။

“စစ်လက်နက်ပစ္စည်းတွေ အရည်အသွေးမြှင့်ဖို့ထက် ပုံမှန်ပေါ့နော်။ ပုံမှန်ထုတ်လုပ်ရေး ၁ဝဝ ရာခိုင်နှုန်းပြည့်မီအောင်တောင်မှပဲ ကြိုးစားရုန်းကန်နေရတဲ့အနေအထားဖြစ်တယ်။ ပြီးရင် တိုက်ပွဲတွေကလည်း ကပစစက်ရုံတွေနားအထိ ရောက်ရှိပြီးတော့ ကပစစက်ရုံတွေလည်း နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်။ အဲဒီတော့ ထုတ်လုပ်ရေးထက်ကို သူတို့မှာလုံခြုံရေးကလည်း ထက်ဝက်၊ တစ်ဘက်ဖြစ်လာတယ်ပေါ့နော်။ ပြီးရင် တချို့ စက်ရုံတွေကလည်း စစ်ဆင်ရေးပါလိုက်နေရတဲ့ဟာတွေကြောင့် ထွက်ပြေးတာတွေ၊ အလုပ်ရပ်လိုက်ရတာတွေ ဒီမျိုးတွေ ဖြစ်နေတယ်ပေါ့နော်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ စစ်လက်နက်ပစ္စည်းများထုတ်လုပ်မှုနှင့်ပတ်သက်သည့် အတိတ်သမိုင်းကို ပြန်သုံးသပ်ကြည့်မည်ဆိုပါက ကုန်းဘောင်ခေတ်နှောင်းပိုင်းဖြစ်သည့် မင်းတုန်းမင်းလက်ထက်တွင် နယ်ချဲ့အင်္ဂလိပ်တို့၏ လက်နက်အားကိုးဖြင့် ကျူးကျော်လာမည့်အခြေအနေကို ရင်ဆိုင်ရန်အတွက် အိမ်ရှေ့စံ ကနောင်မင်းသားကြီးက လက်နက်ငယ်များ၊ အမြောက်ကြီးငယ်များနှင့် ဗုံးဆန်အမြောက်ဆန်များ သွန်းလုပ်နိုင်သည့်စက်ရုံများတည်ထောင်နိုင်ခဲ့ပြီး ရေမြှုပ်ဗုံးစမ်းသပ်ဖောက်ခွဲမှုများကိုပင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် စစ်တပ်ခေါင်းဆောင်များအနေဖြင့် ကိုယ့်ပြည်တွင်းတွင် လက်နက်/ခဲယမ်းများ ထုတ်လုပ်နိုင်ရန်ကြံစည်ကြိုးပမ်းခဲ့ကြပြီး ၁၉၅ဝ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်တွင် ဖွဲ့စည်းပုံနှင့် စနစ်တကျဖွဲ့စည်းပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ကပစစက်ရုံတစ်ခုအတွင်း စစ်ဆေးနေစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.