Preview

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းတွင်တည်ရှိသည့် ကပစစက်ရုံများမှ လက်နက်ခဲယမ်းများ ထုတ်လုပ်မှုကျဆင်းလာ

နိရဉ္စရာ | ဧပြီ ၃၀/ ၂၀၂၅ | ကြည့်ရှုသူ :11166
ပြည်တွင်း သတင်း

ခိုင်လူလှနှင့် လူထက်နိုင် -နိရဉ္စရာ၊ဧပြီ၃၀/၂၀၂၅

အာရက္ခတပ်တော် ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာသည့် ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းနှင့် ပဲခူးတိုင်းအကြားတွင် တည်ရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်မှုကျဆင်းလာသည်ကိုတွေ့ရသည်ဟု ဒေသတွင်းစစ်ရေးလေ့လာနေသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

“ပထမတစ်ချက်ကတော့ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးပေါ့။ ကပစစက်ရုံတစ်ရုံနဲ့တစ်ရုံအကြား အရင်လိုသွားလာလို့မလွယ်ကူတော့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းတချို့ကိုဖြတ်တောက်ထားတယ်။ ကပစစက်ရုံတွေဆိုတာက လိုအပ်တဲ့ပစ္စည်းတွေကို တစ်ခုချင်းစီအလိုက် ထုတ်တာများတယ်။ အဲဒီအစိတ်အပိုင်းတွေကို ကပစစက်ရုံတစ်ခုမှာစုပြီးတပ်ဆင်တာ။ အခုက စက်ရုံတစ်ခုနဲ့တစ်ခုအကြား ထုတ်လုပ်ပစ္စည်းအစိတ်အပိုင်းတွေကို အလွယ်တကူပို့လိုမရတော့ဘူး။ တချို့ကပစစက်ရုံတွေဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးလက်တစ်ကမ်းစာဘဲရှိတော့တယ်” ဟု၎င်းကပြောသည်။

ဒုတိယတစ်ချက်မှာ ကပစစက်ရုံများရှိစစ်သားများမှာ စစ်မြေပြင်သို့စစ်တိုက်ထွက်နေရသလို စက်ရုံများကို အချိန်ပြည့်ကာကွယ်နေရသဖြင့် စစ်ပစ္စည်းများထုတ်လုပ်မှုဘက်သို့ ဦးမလှည့် နိုင်တော့၍ဖြစ်သည်ဟု ဆိုသည်။

“ အခုကပစစက်ရုံကလည်း စစ်သားတွေရှေ့တန်းထွက်ရသလို စက်ရုံတွေကို တစ်နေ့လုံးအပြည့်ကာကွယ်နေရတယ်။လှည့်ကင်း၊ ကာကင်းယူရတယ်။ ဒီတော့ စစ်ပစ္စည်းတွေထုတ်လုပ်မှုအပိုင်းမှာ ကျဆင်းလာတယ်။ အရင်ကလို ထုတ်လုပ်ရေးအပိုင်းကို အချိန်ပြည့်မလုပ်ကိုင်နိုင်တော့ဘူး”ဟု ၎င်းက ပြောကြားသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ဘက်က ရခိုင်ရိုးမအနီး သီးခြားတည်ဆောက်ထားသည့် ကပစ (၁၄)တွင်လည်း စစ်ပစ္စည်းထုတ်လုပ်သည့်တပ်ဖွဲ့ဝင်တချို့ကို ရှေ့တန်းပို့ထားရသဖြင့် စက်ရုံ၏လည်ပတ်မှုမှာရပ်နေရသည့် အနေအထားသို့ ရောက်ရှိနေသည်ဟု အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF – Asho) ၏တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မီဒီယာများကိုပြောဆိုထားသည်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း လက်နက်ငယ်ကျည်ဆံများထုတ်လုပ်မှုကျဆင်းလာသည့်အပေါ်  အတည်ပြုပြောဆိုသည်။

“လက်နက်ခဲယမ်းမီးကျောက်ဆိုတဲ့နေရာမှာ လက်နက်ငယ်ကျည်လို့ပြောရမယ်။ ၅.၅၆ရယ်၊ ၇.၆၂ ရယ်၊ ၉မီလီမီတာရယ်။ ပွိုင့်ဖိုက်စက်သေနတ်ကြီးကျည်ပေါ့နော်။ အဲဒီကျည်ဆံတွေကို အဓိက ဧရာ၀တီမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ အမှတ် (၉) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ အဓိကထုတ်လုပ်တယ်။ အရန်အဖြစ်တော့ ဧရာ၀တီမြစ်အနောက်ဘက်ကမ်းဖြစ်တဲ့ အထက်မင်းလှမြို့နယ်၊ မလွန် အမှတ် (၂) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထုတ်လုပ်ပေးတယ်။ ပြီးရင် ဒီဗုံးသီးအများစုကိုတော့ အမှတ် (၃) ကာကွယ်ရေးစက်ရုံဆင်တဲကနေ ထုတ်ပေးတယ်။ လေယာဉ်ကပစ်တဲ့အကြီးစားဗုံးသီးတွေကိုတော့ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ ကစွန်းကနေ ထုတ်လုပ်ပေးတယ်။ အခုလက်ရှိမှာတော့ ကပစ (၃) နဲ့ (၂၁) ကလွဲလို့ ကပစ (၉) ပဒေါင်းညောင်ခြေထောက်တစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်လာလို့ ကပစ (၆) သံမဏိစက်ရုံဆိုရင် ထုတ်လုပ်ရေးပိုင်းရပ်နားထားရပြီး လုံခြုံရေးကိုလုပ်နေရတဲ့အနေအထားမျိုးကိုတွေ့တယ်။  ပြီးရင် ရေမြှုပ်မိုင်းနဲ့လက်နက်ကြီးအစိတ်အပိုင်းတွေထုတ်လုပ်တဲ့ ကပစ (၁၃) စက်ရုံကိုလည်း တိုက်ခိုက်ထားတာရှိတယ်ဆိုတော့ခဲယမ်းတွေဗုံးသီးတွေမှာ ပရိုင်မာဆိုတဲ့အစိတ်အပိုင်းက အရေးပါတယ်။ ကျည်ဆံတစ်ခု၊ ဗုံးသီးတစ်ခုအချောသတ်ဖြစ်ဖို့အတွက်ပေါ့။ ခဲယမ်းတွေထုတ်လုပ်မှုလျော့နည်းလာတယ်ဆိုတာ နယ်မြေမတည်ငြိမ်မှု၊ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကတိုက်ခိုက်လာတော့ ထုတ်လုပ်ရေးရယ်၊ လုံခြုံရေးရယ်၊ နယ်မြေစိုးမိုးရေးရယ်ကိုမျှပြီးလုပ်ရတာဖြစ်တဲ့အတွက် production ထုတ်လုပ်ရေးမှာ လျော့နည်းလာတာဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ထို့အပြင် လက်ရှိတိုက်ပွဲများတွင်  ၂၀၂၄ ခုနှစ်ထုတ်ကျည်များကိုတွေ့ရှိရကြောင်း စစ်မြေပြင်စစ်ရေး သတင်းရင်းမြစ်များကပြောဆိုမှုအပေါ်တွင်လည်း CDM ဗိုလ်ကြီးဇင်ယော်က ယခုလိုပြောဆိုသည်။

“အခုတွေ့ရတဲ့အခြေအနေမှာ ၂၀၂၄-၂၀၂၅ Assign နံပါတ်တွေပါလာတယ်။ အဲဒီနံပါတ်တွေက သူတို့ တချို့ဗုံးသီးတွေဆိုရင် ဖျက်အားကိုပိုပြင်းပြီးတော့ လုပ်လိုတဲ့အနေအထားမျိုးရှိတယ်လို့တော့ ကျွန်တော်ကယူဆတယ်။ ကျည်ဆံများများထုတ်ပေးမှရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ အခုထုတ်တာတွေကို ချက်ချင်းလက်ငင်းသုံးတဲ့ အနေအထားမျိုးလည်း တွေ့ရပါတယ်” ဟုပြောသည်။

ထို့အပြင် တိုက်ပွဲအများအပြားတိုက်လာရသဖြင့် စစ်ကောင်စီတပ်တွင် လက်နက်ခဲယမ်းမီးကျောက်များ အခက်အခဲများရှိနိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စမှာ ပြောရခက်ကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“မြန်မာစစ်တပ်မှာ ခဲယမ်းအဟောင်းတွေကုန်သွားတဲ့အနေအထားလို့တော့ ပြောရခက်တယ်ပေါ့နော်။ သူတို့မှာ ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်ဆိုရင် တပ်ကြီး ၃ တပ်ရှိတယ်။ အဲဒီတပ်ကြီး ၃ တပ်ကလည်း နှစ်စဉ်နှစ်တိုင်းလည်း၂၀၂၀ ခုနှစ်အထိပေါ့နော်။ တစ်လ တစ်လကို အရေအတွက်သိန်းချီပြီး ထုတ်လာခဲ့တာရှိတယ်။ ဒါ့ပြင် ပင်မခဲယမ်းမီးကျောက်တပ်ကြီးအပြင် စစ်လက်နက်ပစ္စည်းတပ်ခွဲပြီးရင် စစ်လက်နက်ပစ္စည်းတပ်ခွဲတွေမှာရော၊ ခဲယမ်းမီးကျောက်တွေက ပုံထားတာရှိတယ်။ ပြီးရင် တိုင်းစစ်ဌာနချုပ်တွေမှာလည်း တိုင်းအရန်ခဲယမ်းဆိုပြီး သီးသန့်ပုံထားတာရှိတယ်” ဟုပြောသည်။

ဧရာ၀တီမြစ်အနောက်ဘက်ဒေသတွင် ကပစ (၅) ယမ်းချက်စက်ရုံ-ဥသျှစ်ပင် (ကမြိုင်)၊ ကပစ (၆) သံရည်ကြိုစက်ရုံ-ဥသျှစ်ပင်(ညောင်ခြေထောက်)၊ ယမ်းချက်စက်ရုံ ကပစ (၁၆)- ဥသျှစ်ပင် (မသုံ)၊ လက်နက်ငယ်ကျည် ၀.၅/၅.၅၆/၇.၆၂/၉ မမ ကျည်ဆံများထုတ်လုပ်သည့် ကပစ (၉)ဥသျှစ်ပင် (ကျောက်ဖူး)၊ လက်နက်ငယ်ကျည်ဆံများထုတ်လုပ်သည့် ကပစ(၁၄)) ငဖဲ (စေတုတ္တရာ)၊ အမြောက်နှင့်လက်နက်ကြီးကျည်ဆံများထုတ်လုပ်သည့် ကပစ (၈) ဆင်ပေါင်ဝဲ၊ ၄၀ မမ/တာဝေးပစ်ယာဉ်တင်ဒုံးများထုတ်လုပ်သည့် ကပစ (၁၀) အထက်မင်းလှ၊ ၆၀ မမ/၆၁ မမ/ ၁၂၀ မမ ဗုံးသီးများထုတ်လုပ်သည့် ကပစ(၁၂) သရက်၊ ရေမြှုပ်မိုင်း/ လက်နက်ကြီးအစိတ်အပိုင်းများထုတ်လုပ်သည့် ကပစ (၁၃) အထက်မင်းလှ၊ မော်တာကျည်ဆံ/အမြောက်ကျည်ဆံ ၅.၅/၅.၅၆ ထုတ်လုပ်သည့် ကပစ(၂) အထက်မင်းလှ၊ လေကြောင်းရန် ကာကွယ်ရေးလက်နက် ထုတ်လုပ်သည့် ကပစ (၂၀)စေတုတ္တရာတို့ တည်ရှိသည်ဟု သိရသည်။

ညောင်ကျိုးကို အာရက္ခတပ်တော်နှင့်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ပဲခူးအနောက်ခြမ်း ကပစများကို AA နှင့် ပူးပေါင်းတပ်များက မကြာမီ ဝင်ရောက် တိုက်ခိုက်တော့နိုင်မည့်သဘောကို တွေ့ရသည်ဟု ဧရာ၀တီတွင်လည်း သတင်းဖော်ပြထားသည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.