လူထက်နိုင်၊ နိရဥ္ဇရာ၊ မေ ၅ /၂၀၂၅
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်တွင် ဧပြီလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဗိုလ်မှူးအဆင့်နှစ်ဦး၊ တပ်ကြပ်ကြီး အဆင့်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး သေဆုံးခဲ့ကြောင်း KNU က မေ ၅ ရက်တွင် ထုတ်ပြန်သည်။
“တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့် (၂) ဦး၊ တပ်ကြပ်ကြီး အဆင့် (၁) ဦးအပါအဝင် (၃၉)ဦး သေဆုံးကာ ဒုတပ်ကြပ်(၁)ဦး အပါအဝင် (၅၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် အဆောက်အဦး (၉) လုံး ထိခိုက်ပျက်စီးခဲ့ရသည်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဧပြီလ (၁) ရက်နေ့မှ (၃၀)ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အမှတ် (၅) တပ်မဟာနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၁၃၉) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သား ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ခုနစ်ကြိမ် နှင့် တိုက်လေယာဉ်ဖြင့် ဗုံးအလုံးရေ (၁၄)လုံး ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သားပြည်သူလူထုများ လုပ်ကိုင်စားသောက်ရာနေရာများလည်း ထိခိုက်ပျက်စီးခဲ့ရပြီး စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - KNU
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။