Preview

ဗန်းမော်မြို့အတွင်း စစ်ကောင်စီတပ်စွဲထားသည့်နေရာတချို့ကို KIA သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

သဉ္ဇာနွယ် | မေ ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :811
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၆/၂၀၂၅

ကချင်ပြည်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် မြို့တွင်းထဲရှိ စစ်ကောင်စီတပ်စွဲထားသော အရေးကြီးသည့် မြို့တွင်းရပ်ကွက်နေရာတချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏အရေးပါသည့် မြို့တွင်းရှိ ရပ်ကွက်တချို့ကို မေလ ၄ ရက်နေ့က KIA က သိမ်းပိုက်ထားပြီး ဗန်းမော်လေဆိပ်အနီးအနားအထိ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေသည်ဟု ကချင်ပြည်ရောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နှင့် နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မြို့ထဲက ရပ်ကွက်တချို့ကို KIA က ရထားပြီလို့ ပြောလို့ရတယ်။ မြို့သိမ်းတိုက်ပွဲကတော့ ပြင်းတုန်းပါ။ အပြင်ကနေတိုက်လာတာ အခုမြို့တွင်းတိုက်ပွဲပေါ့။ ဗန်းမော်လေဆိပ်အနီးအနားထိ တိုက်ပွဲရောက်နေတယ်"ဟု ပြောသည်။

စစ်ကောင်စီနေရာယူထားသည့် မြို့တွင်းနေရာအနှံ့အပြားတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ လေကြောင်းကို အဓိကထားတိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"စစ်ကောင်စီဖက်က လေကြောင်းကိုအဓိကထားပြီး ပြန်လည်ခုခံနေတယ်။ အဓိက စစ်ကောင်စီနေရာယူထားတဲ့ရပ်ကွက်တွေ၊ နေရာတွေမှာ တိုက်ပွဲဖြစ်နေတာ။ မဖြစ်သေးတဲ့ နေရာမှာ ဒေသခံနည်းနည်းတော့ ရှိသေးတယ်" ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အစိုးရအဆောက်အအုံများဖြစ်သည့် တက္ကသိုလ်၊ ကျောင်းများ၊ အထက်တန်း ကျောင်းများ၊ လေဆိပ်၊ ဗန်းမော် စုပေါင်းရုံး၊ စည်ပင်ရုံး၊ ဝင်းလိုက်ဟိုတယ်၊ ကန်ဦးကျောင်း၊ အမှတ် ၁ အထက်တန်းကျောင်းစသည့် နေရာအနှံ့အပြားတွင်တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှစတင်ကာ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့်အတူ အာရက္ခတပ်တော်(AA)တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဗန်းမော် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)မှလည်း အနီးအနားပတ်ဝန်းကျင်များကို လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်သဖြင့် ဒေသခံများရှောင်တိမ်းနေရကြောင်း သိရသည်။

ဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ အမှတ် (၂၃၆) နှင့် (၄၇) ခြေလျင်တပ်ရင်းများ၊ အမှတ် (၃၃၆)နှင့် (၃၀၄) အမြောက်တပ်များ၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ငါးရင်းခန့် အခြေစိုက်ထားသည်ဟု သိရသည်။

Photo- KNG (ပုံဟောင်း)

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.