Preview

ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲအခမ်းအနားသို့တက်ရန် စစ်ခေါင်းဆောင်နှင့်အဖွဲ့ ရုရှားသို့ထွက်ခွာ

မောင်စာဂ | မေ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :480
ပြည်တွင်း သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၇ /၂၀၂၅ 

ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် ရင်ပြင်နီအောင်ပွဲအခမ်းအနားသို့တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင်နှင့်အဖွဲ့သည် ယနေ့တွင် ရုရှားနိုင်ငံသို့ထွက်ခွာသွားပြီဟု စစ်ကောင်စီက ထုတ်ပြန်သည်။  

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှဦးဆောင်သည့်အဖွဲ့သည် ယနေ့ မေလ ၇ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခြင်းဖြစ်သည်။  

ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် ရင်ပြင်နီအောင်ပွဲအခမ်းအနားကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရင်ပြင်နီတွင် မေလ ၉ ရက်၌ပြုလုပ်မည်ဖြစ်သည်။  

အဆိုပါအခမ်းအနားသို့တက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရားဝင်ဖိတ်ကြားချက်အရသွားရောက်ခြင်းဖြစ်ပြီး အခမ်းအနားတွင် စစ်ကောင်စီတပ်ကိုယ်စားပြု စစ်ရေးပြအဖွဲ့လည်း ပါဝင်ချီတက်မည်ဟု သိရသည်။  

blob
blob

စစ်ခေါင်းဆောင်တို့၏ ယခုခရီးစဥ်အတွင်း ၁၉၄၁-၁၉၄၅ နှစ် ၈၀ ပြည့် ရင်ပြင်နီအောင်ပွဲအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့တက်ရောက်ခြင်း၊ အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။  

ယင်းအပြင် ခရီးစဥ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။  

စစ်ခေါင်းဆောင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။  

ယခုခရီးစဥ်အတွင်း စစ်ခေါင်းဆောင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်အချို့၊ ကာကွယ်ရေးဝန်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကျော်စွာလင်းတို့လိုက်ပါသွားကြောင်း သိရသည်။  

ယခုအခမ်းအနားကို မြန်မာ၊ တရုတ်၊ ဘရာဇီး၊ ဆာဘီးယား၊ ဗင်နီဇွဲလားစသည့်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၀ ခန့်မှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဟု ရုရှားသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ 

ယခုခရီးစဥ်နှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီး ဇင်ယော်က "အခုလိုမျိုး မိသားစုလိုက်သွားခွင့်ရတယ်ပေါ့နော်။ သူ့ရဲ့အမျိုးသမီးကိုလည်း First lady အဖြစ်ဖိတ်ကြားခံရတယ်ဆိုတော့ သူတို့အနေနဲ့ သွေးနားထင်ရောက်နေမှာအမှန်ပဲ။ ပြရင် ရုရှား၊ တရုတ်အပါအဝင်ပေါ့နော်။ လာတက်မဲ့နိုင်ငံတွေက ၂၉ နိုင်ငံလောက်ရှိတယ်ဆိုတော့ ဒီနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ပါ ရင်းနှီးမှုပေါ့နော်။ ဆက်ဆံရေးကောင်းတဲ့ဟာမျိုးတွေကို သူတို့ယူလာနိုင်တယ်ပေါ့နော်။ ယူလာနိုင်တဲ့အနေအထားရှိတယ်။ ပြီးရင် သူ့သားလည်း ပါသွားလောက်မှာပေါ့နော်။ တခြားစီးပွားရေးလုပ်ငန်းတွေပါ လုပ်လိမ့်မယ်ပေါ့။ စီးပွားရေးလုပ်ငန်းတွေပါ ချိတ်ဆက်လိမ့်မယ်။ ပြီးရင် သူကလည်း နိုင်ငံတကာနဲ့ထိစပ်ရတယ်ဆိုတဲ့ဟာကို ဂုဏ်ယူနေတာပေါ့နော်။ သူ့အနေနဲ့ လူရာဝင်တယ်ဆိုတဲ့အနေအထားမျိုးပေါ့။ ပြီးရင် စစ်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေလည်း ဆွေးနွေးမယ်ပေါ့။ အဓိကတော့ စစ်လက်နက်၊ စစ်အသုံးအဆောင်တွေ ထပ်ပြီးတော့ဝယ်မယ်။ ပြည်သူကိုသတ်ဖို့ဟာအတွက်၊ နည်းမျိုးစုံနဲ့သတ်ဖို့ဟာအတွက် သူ ဝယ်ခြမ်းလာမယ်ပေါ့နော်။ နည်းပညာတွေလည်းရလာမယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျ"ဟု နိရဥ္စရာကိုသုံးသပ်ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံမှ စစ်သုံးလေယာဥ်များ၊ ဒရုန်းများ၊ ရဟတ်ယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများကို ပေါ်ပေါ်တင်တင်ဝယ်ယူပြီး တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် အရပ်သားများကို ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသို့ လေးကြိမ်သွားရောက်ထားပြီးဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းက စတုတ္ထအကြိမ်သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်တွင် ရုရှားက မြန်မာတွင် အသေးစား အနုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အပါအဝင် အချက် ၁၀ ချက်ကို နှစ်နိုင်ငံသဘောတူ လက်မှတ်ထိုးခဲ့ကြသည်။

ဓာတ်ပုံ - စစ်ကောင်စီ

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ကောင်စီ#မင်းအောင်လှိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.