သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၈/၂၀၂၅
ကချင်ပြည်နယ်၊ ကျောက်စိမ်းနယ်မြေ ဖားကန့်မြို့နယ်သို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ကပ်မှော်စွပ်ကျေးရွာအထိရောက်ရှိလာပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။
အင်အား ရာနှင့်ချီပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် ဖားကန့်- ကာမိုင်း- လုံးခင်းကားလမ်းမပေါ်ရှိ ကပ်မှော်စွပ်အထိ ရောက်ရှိနေပြီး KIA ကလည်း ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်နေကြောင်း သိရသည်။
KIA က လက်နက်ကြီး/ငယ်များပစ်ခတ်ကာ စစ်ကောင်စီ၏စစ်ကြောင်း ရှေ့တိုးမလာစေရန် ခုခံကာကွယ်တိုက်ခိုက်နေသဖြင့် ကပ်မှော်စွပ်ရွာနှင့် ဆိုင်ဖရာရွာကြားရှိ ရွာများတွင် တိုက်ပွဲပြင်းနေသည်ဟု ကချင်ဒေသမှ စစ်ရေးသိရှိသူသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
"ဖားကန့်ကိုချီတက်လာတာ ဧပြီလနောက်ဆုံးအပတ်ကတည်းက။ အခုဆိုရင် နန့်ယားကျော်ပြီး ကပ်မှော်စွပ်အ ကျော်အထိရောက်နေပြီ။ KIA ဖက်ကလည်း သူတို့ကို ဟန့်တားတိုက်ခိုက်နေတယ်။ ထပ်ပြီးမကျော်လာရအောင်။ စစ်ကောင်စီဖက်ကလည်း လေကြောင်းပစ်ကူပေးတယ်" ဟုပြောသည်။
ယခုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများလည်း ရှိပြီး KIA ဖက်မှလည်း အသည်းတပြင်းကာကွယ်တိုက်ခိုက်နေကြောင်း သူက ဆိုသည်။
"တကယ်လို့ စစ်ကောင်စီက ကပ်မှော်ကိုကျော်လာရင်၊ လုံးခင်းတောင်ကျော်ရင် လုံးခင်းမြို့ကိုရောက်ဖို့နီးသွားပြီ။ လုံးခင်းမြို့ကိုရောက်ရင် အုန်းတုန်းချောင်းဘေးတစ်ဖက်မှာ မှော်စီစာ၊ ခွန်ဆာကုန်း၊ သာယာကုန်းဆက်ပြီးတော့ လူသားဒိုင်းကာလုပ်ပြီး စစ်ကောင်စီက ဖားကန့်ကိုတက်ဖို့အတွက် လမ်းကြောင်းတွေရသွားမှာကိုသိလို့ KIA က ပိတ်ဆို့ပြီး အပြင်းအထန်ခုခံနေတယ်" ဟု ပြောသည်။
တိုက်ပွဲကြောင့် ကပ်မှော်စွပ်ကျေးရွာ၊ နန့်ယားကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းအပြင် တိုက်ပွဲကြောင့် ဖားကန့်ဒေသရှိ ရေမဆေးလုပ်သားနှင့် ပိုင်ရှင်များလည်း ကျီလန့်စာစားအလုပ်လုပ်နေကြကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် မြစ်ကြီးနား-ဖားကန့်-လုံးခင်းလမ်းကိုပိတ်ထားသည့်အတွက် ဒေသခံများမှာ ကုန်ပစ္စည်းများပြတ်လပ်နိုင်သည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းမှစတင်ကာ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ခဲ့ပြီး ဖားကန့်မြို့ အဝင်၊ အထွက်လမ်းအားလုံးကို KIA က ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ - KIA တပ်ဖွဲ့ဝင်အချို့ စစ်မြေပြင်တစ်နေရာတွင် တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။