Preview

မင်းလှနှင့် ပဒါန်းတွင် စစ်ကောင်စီက တစ်ပတ်အတွင်း ဇနီးမောင်နှံနှစ်ဦးကို သတ်ပြီး ခြောက်ဦးကိုဖမ်းဆီး

သဉ္ဇာနွယ် | မေ ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :1211
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၈/၂၀၂၅

ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ် အမ်းရိုးမအောက်ရှိ မင်းလှနှင့် ပဒါန်းမြို့နယ်တို့တွင် စစ်ကောင်စီက တစ်ပတ်အတွင်း ဇနီးမောင်နှံနှစ်ဦးကိုသတ်ဖြတ်ပြီး ချင်းအမျိုးသမီးသုံးဦးအပါအဝင် ခြောက်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများမှာ ပဒါန်းမြို့နှင့်မင်းလှမြို့အစပ်ကြား မင်းလှမြို့အပိုင် ကြက်ဖျားရွာမှ ဇနီးမောင်နှံနှစ်ဦးဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ပဒါန်းမြို့နယ်၊ လက်ပံတံခါးရွာမှ အမျိုးသားနှစ်ဦး၊ လက်ပံကုန်းရွာမှ အမျိုးသားတစ်ဦးနှင့် လှိုင်ရွာမှ ချင်းအမျိုးသမီးသုံးဦးတို့ဖြစ်ကြသည်။

အသတ်ခံရသူများနှင့် ဖမ်းဆီးခံရသူများသည် မေလပထမပတ်အတွင်း စစ်ကောင်စီ၏ တပ်မ (၉၉)မှ ဗိုလ်မှူးချုပ် နိုင်ဝင်းဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပဒါန်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက "ဒီတပ်မ (၉၉) ဗိုလ်မှူးချုပ် နိုင်ဝင်း နတ်ရေကန်ဖက်မှာ တာဝန်ကျကတည်း အဖမ်းအဆီးပိုကြမ်းလာတယ်။ ပိတ်ပင်ကန့်သတ်တာတွေ များလာတယ်။ မင်းလှက အသတ်ခံရတဲ့ လင်မယားဆိုရင် ၅ ရက်နေ့ ညဉ့်အချိန် မှာ ဒလန်ဆိုပြီးအသတ်ခံရတာ။ လက်ပံတံခါးနဲ့နီးနီးလေး အဲရွာက" ဟု နိရဉ္စရာကိုပြောသည်။

အသတ်ခံရသူ ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ရွာထဲသို့ဝင်လာပြီး သတ်ဖြတ်သွားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

blob

ဖမ်းဆီးခံရသူများအနက် ပဒါန်းမြို့နယ်၊ လှိုင်ရွာမှ ချင်းအမျိုးသမီးသုံးဦးသည် မေလ ၅ ရက်နေ့က ပဒါန်းမြို့‌ပေါ်မှ ကုန်ပစ္စည်းများဝယ်ပြီး ရွာသို့ ပြန်လာစဉ် စစ်ကောင်စီ၏ ပျဉ်ဝစစ်ဆေးရေးဂိတ်အကျော်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

နောက်ထပ် ဖမ်းဆီးခံလိုက်ရသူသုံးဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များထံ ကုန်ပစ္စည်းများပို့သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံလိုက်ရသူများသည် လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟုလည်း သိရသည်။

ရိုးတောင်ခြေရင်းရှိ လက်ပံတံခါး၊ လက်ပံကုန်း၊ ဆူးပတောင်း၊ ကျောက်ဆုံ၊ မန်ကျည်းကိုင်းရွာ၊ ဂျိုးဆန်းရွာအနီးတွင် တပ်မ(၉၉)နှင့် ဆုံကုန်းအမြောက်တပ်မှ စစ်ကြောင်းများလည်း စစ်ကြောင်းထိုးမှုများရှိကြောင်း သိရသည်။

ယင်းအပြင် ဒေသခံများအား ဖမ်းဆီးစစ်‌ဆေးခြင်းများနှင့် သတ်ဖြတ်ခြင်းများပြုလုပ်လာသဖြင့် တော၊ တောင်များတွင် ဟင်းစာထွက်ရှာရန်ပင် မထွက်ဝံ့ဘဲ ဖြစ်နေရသည်ဟု ချင်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဟင်းရှာဖို့တောင် မထွက်ရဲတဲ့အခြေအနေဖြစ်နေရပါတယ်။ စားနပ်ရိက္ခာထွက်ဝယ်လည်း ဖမ်း။ ဆေးဝယ်လည်းဖမ်း၊ အမျိုးမျိုးအခက်ခဲကြုံနေရပါတယ်"ဟု ပြောသည်။

အဆိုပါကျေးရွာများမှ ဒေသခံများမှာ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းများကိုလည်း တက်ခိုင်းခြင်းခံနေရကြောင်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.