နိရဉ္စရာ၊ မေ ၉/၂၀၂၅
တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ညောင်ခြေထောက်အနီးတွင်အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက“ ဥသျှစ်ပင်မြို့နှင့် (၇)မိုင်လောက်သာဝေးတဲ့ ကပစ(၆)နဲ့ညောင်ခြေထောက်ကျေးရွာဝန်းကျင်အနီးမှာတိုက်ပွဲပြင်းထန်နေပါတယ်။ စစ်တပ်က ဒီနေ့ တစ်ရက်လုံး လေကြောင်းကနေ တရစပ် ဗုံးကြဲတိုက်ခိုက်နေပါတယ်”ဟု ပြောသည်။
ယနေ့ မေ ၁၀ရက်နေ့ နံနက်ပိုင်းမှစ၍ ညောင်ခြေထောက်ပတ်ဝန်းကျင်အနီးရှိ တော၊တောင်များနှင့် ကွင်းပြင်းမှအစ လေကြောင်းမှ တရစပ် ဗုံးကြဲ တိုက်ခိုက်နေပြီး တိုက်ပွဲမှာဆက်လက်ပြင်းနေသည်ဟု၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကျအဆုံးများဖြင့် ညောင်ကျိုးကနေနောက်ဆုတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကိုပြန်လည်စုစည်းကာ ညောင်ခြေထောက် အနီးဝန်းကျင်တွင် စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာကနေ တိုက်ပွဲမှာပြင်းထန်နေသည်ဟု ၎င်းက ပြောသည်။
" ဟိုတစ်ပတ်ကညောင်ကျိုးစခန်းကိုစစ်ကြောင်းထိုးလို့နောက်ပြန်ဆုတ်လာတဲ့ အဖွဲ့တွေကိုပြန်စုစည်းပြီးလှုပ်ရှားလာတာ။ အဲဒီစ်ကြောင်းကို AAနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းတိုက်ခိုက်နေတာ။ တိုက်ပွဲဖြစ်နေတာကတစ်ရက်နှစ်ရက်ရှိနေပြီ။ဒီနေ့မနက်ပိုင်းကလည်း တိုက်ပွဲ ရှိနေသေးတယ်။ ညောင်ခြေထောက်နဲ့ကပစ ဖက်ကညောင်ကျိုးဖက်ကို စစ်ကြောင်းထိုးတာလည်းရှိတယ်။ဒါကြောင့် တိုက်ပွဲဖြစ်နေတာ" ဟု ပြောသည်။
တိုက်ပွဲပြင်းထန်မှုကြောင့်ညောင်ခြေထောက်အပါအဝင်အနီးအနားရှိကျေးရွာသားများမှာထွက်ပြေးနေကြရသည်ဟု သိရသည်။
စစ်ကောင်စီသည်လေယာဉ်များဖြင့်သာမကဥသျှစ်ပင်မြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ အတွဲလိုက်ဒုံးကျည်များ၊စက်တပ်လေထီးများဖြင့်လည်းပစ်ခတ်တိုက်ခိုက်နေသည်ဟု ညောင်ခြေထောက်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
" ညောင်ခြေထောက်ဖက်မှာအရင် မတ်လတုန်းကလည်း တိုက်ပွဲဖြစ်ခဲ့တယ်။တိုက်ပွဲကရပ်လိုက်၊ ပြန်ဖြစ်လိုက်။ ရွာသားတွေကလည်းပြေးတဲ့သူပြေး၊မပြေးတဲ့သူမပြေးဘူးပေါ့။ အခုတိုက်ပွဲထပ်ဖြစ်လာလို့ကျန်နေတဲ့သူတွေ ထပ်ပြေးရတယ်။အဝတ်တစ်ထည်ကိုယ်တခုနဲကပြေးရတာ။ဘာမှယူမလာရဘူး" ဟု ပြောသည်။
ပဲခူးတိုင်း၊ညောင်ကျိုးဗျူဟာစခန်းကုန်းကို AA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က မတ်လ (၁၇) ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်အကြာ ဧပြီ (၂)ရက်နေ့တွင်အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်။
ဧပြီလ နောက်ဆုံးအပတ်နှင့်မေလအစပိုင်းက စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်သည်လေကြောင်းပစ်ကူဖြင့်ညောင်ကျိုးစခန်းကိုပြန်လည်သိမ်းပိုက်ရန်တက်လာရာ ရခိုင်ရိုးပေါ်တွင် အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ၏ဖြတ်တောက်တိုက်ခိုက်မှုကြောင့် လမ်းတစ်ဝက်မရောက်ခင်အကျအဆုံးများဖြင့်နောက်ဆုတ်ခဲ့ရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)