Preview

ဖားကန့်သို့ချီတက်လာသည့် စစ်ကြောင်း KIA ၏တိုက်ခိုက်မှုကြောင့် အကျအဆုံးများဖြင့် နောက်ဆုတ်နေရ

သဉ္ဇာနွယ် | မေ ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :1611
ပြည်တွင်း သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၁ဝ/၂၀၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ ချီတက်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ကြောင်းသည် လေကြောင်းဖြင့် ပစ်ကူ‌ပေးနေသည့်ကြားမှ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အကျအဆုံးများဖြင့် နောက်ဆုတ်နေရကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့သို့ ဦးတည်ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းများသည် ကပ်မှော်ရွာအကျော်ရှိ ဆိုင်ဖရာရွာသို့ ရောက်ရှိလာစဉ် KIA ၏တိုက်ခိုက်မှုကြောင့် အကျအဆုံးများကာ ကပ်မှော်ရွာဖက်သို့ပြန်လည် နောက်ဆုတ်နေရကြောင်း KIA နှင့်နီးစပ်သူ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"စစ်ကောင်စီဖက်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာတောင် စစ်ကောင်စီဖက်က သေဆုံးဒဏ်ရာရတာတွေများလို့ နောက်ဆုတ်ပေးနေရတဲ့အနေအထားရှိတယ်။ ဒါပေမယ့် တိုက်ပွဲအခြေအနေက ခန့်မှန်းလို့မရဘူး။ ဒီနေ့ နောက်ဆုတ်ရရင် မနက်ဖြန်ပြန်တက်လာနိုင်တယ်" ဟု ပြောသည်။

စစ်ကောင်စီဖက်မှ လေကြောင်းကို အဓိကထားကာ တိုက်ပွဲဖြစ်ရာအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေသည်ဟု ကချင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"လေကြောင်းကနေပြီးတော့ တရစပ်ပဲ ပစ်နေတာ" ဟု ပြောသည်။

စစ်ကောင်စီသည် ကပ်မှော်ရွာဘုန်းကြီးကျောင်း၊ ဆု‌တောင်းတောင်၊ စာသင်ကျောင်းအပါအဝင် နေရာတချို့တွင် ယာယီတပ်စွဲထားပြီး တင့်ကား၊ ဒရုန်း၊ လေကြောင်းများဖြင့် ပစ်ကူကာ အသည်းအသန်ခုခံကာကွယ်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် ကပ်မှော်ရွာအပါအဝင် မအူပင်၊ နန့်ယားကျေးရွာ၊ နန်းတင်း၊ ဆိုင်ဖရာ စသည့်ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေရကြောင်း သိရသည်။

ဖားကန့်ကို တက်လာသည့် စစ်ကြောင်းနှစ်ကြောင်းမှာ အင်အား ထောင်နှင့်ချီရှိပြီး ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်မှစတင်ကာ ချီတက်လာခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ - KIA တပ်သားများအား တွေ့ရစဉ်။ (ပုံဟောင်း)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.