သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၁၀/၂၀၂၅
ကချင်ပြည်၊ ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)အတွင်းထဲထိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီဟု သတင်းရရှိသည်။
လက်ရှိတွင် စကခ (၂၁)၏ ကာကင်းစခန်းအချို့ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ယခုရက်ပိုင်းတွင် တပ်ရင်းဌာနချုပ်အတွင်းသို့အထိ ဝင်ရောက်တိုက်ခိုက်နေပြီဟု KIA နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အခုက တိုက်ပွဲ တစ်ရက်ထက်တစ်ရက်ပိုပြင်းလာတဲ့အနေအထားရှိတယ်။ စကခ (၂၁)လည်း ဘယ်လောက်မှကြာမှာမဟုတ်ဘူး။ စစ်ကောင်စီက လေကြောင်းကနေပစ်ကူနေလို့သာ" ဟု ပြောသည်။
စကခ (၂၁)ကို KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်မှစတင်ကာ ဝိုင်းဝန်းတိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှစတင်ကာ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အမှတ် (၃၆၆)အမြောက်တပ်၊ ဗန်းမော်လေယာဉ်ကွင်း၊ မြို့ ပေါ်ရပ်ကွက်တချို့၊ အမှတ်(၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၂) လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်တို့ကို ဖေဖော်ဝါရီလအတွင်းက KIA က သိမ်းပိုက်ထားကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် ဗန်းမော်မြို့၏ ၇၅ ရာခိုင်နှုန်းကို KIA က ရရှိထားပြီး စစ်ကောင်စီဖက်မှ လေကြောင်းကို အဓိကထားကာ ခုခံကာကွယ်တိုက်ခိုက်နေကြောင်း သိရသည်။
လက်လွတ်ဆုံးရှုံးခဲ့ရသည့် မြို့ပေါ်ရပ်ကွက်အချို့ကို စစ်ကောင်စီက ရှုံးမဲမဲကာ လေကြောင်းတိုက်ခိုက်လျက်ရှိသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်ကလည်း ဗန်းမော်မြို့ပေါ်ရှိ စစ်ရှောင် ၂ဝဝ ကျော်နေထိုင်သည့် ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၁၅ ဦးခန့်သေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု ကချင်ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
"အရင်က အဲဒီနေရာတွေမှာ စစ်သားတွေတပ်စွဲခဲ့တယ်။ စစ်ရှောင်တွေလည်း နေတယ်။ အဲဒါကို သူတို့ KIA ဆီကို လက်လွှတ်လိုက်ရလို့ ဗုံးလာကြဲတာ" ဟု ပြောသည်။
စစ်ကောင်စီမှ လေကြောင်းပစ်ကူအပြင် လက်နက်ခဲယမ်းများကို လေယာဉ်ပေါ်မှ ချပေးမှုများရှိနေပြီး လက်နက်ခဲယမ်းတချို့ကိုလည်း KIA ဖက်မှရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ဓာတ်ပုံ - KIA တပ်သားအချို့အား စစ်မြေပြင်တစ်နေရာတွင် တွေ့ရစဉ်။ (Photo − Padang Nsen၊Steve Tickner)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။