နိရဉ္စရာ၊ မေ ၁၁/ ၂၀၂၅
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ညောင်ခြေထောက်အခြေစိုက်စစ်ကောင်စီခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ၂၀၂၅ခုနှစ် မေလ (၈)ရက်ကတော်လှန်ရေးတပ်ဖွဲ့များကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟုသတင်းရရှိသည်။
၎င်းခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်း အမှတ်(၁)နှင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်အရကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းပါဝင်မှုဖြင့်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်မှ သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
၄င်းတိုက်ပွဲမှပွိုင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ (၈၃) လက် ၊ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း (၃၀) ဦး တွေ့ရှိရပြီး၊ စစ်သုံ့ပန်း ( ၆ ) ဦး နှင့် မိသားစုဝင် ( ၇ ) ဦးဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွာထွက်ပြေးသွားခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တပ်ရင်းကို သိမ်းပိုက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ အမှတ် ၇၈၀၅ တပ်ရင်း၊ အမှတ် ၇၈၀၁ တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ အမှတ် (၃၇၀၁) တပ်ရင်း၊ အမှတ် (၅၁၀၁) တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)မှ တပ်ရင်း(၇)နှင့် ဒရုန်းအဖွဲ့များကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ရာတွင်ဖော်ပြထားသည်။