Preview

ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကာကွယ်ရန် တပ်မတော်တရပ်ဖွဲ့စည်းရေး ချင်းညီနောင်အစည်းအဝေးမှ အခြေခံမူများချမှတ်

ခိုင်လူလှ (ရိုးမမြေ) | မေ ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :409
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၅

ချင်းပြည်နယ်တွင် မြို့နယ် (၄) ခုအထိ တိုက်ခိုက်သိမ်းပိုက်ထားသည့် ချင်းညီနောင် (CB)မှ ချင်းပြည်နှင့်ချင်းတမျိုးသားလုံးအကာအကွယ်ပေးနိုင်သည့် တပ်မတော်တရပ်ဖွဲ့စည်းရန် အခြေခံမူများကို ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။

ဧပြီလ ၂၆ရက်မှ ၂၉ ရက်နေ့အထိ လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် ချင်းညီနောင် မြေပြင်အစည်းအဝေးနှင့် စပ်လျဉ်း၍  ၂၀၂၅ ခုနှစ်၊ မေလ (၁၁) ရက်နေ့စွဲဖြင့်ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ ကိုယ်စားလှယ် ၃၉ ဦးတက်ရောက်ခဲ့ပြီး တပ်မတော်တရပ်ဖွဲ့စည်းရေး အပါအဝင် အချက်(၄)ချက်ကို သဘောတူချမှတ်နိုင်ခဲ့ကြောင်းသိရသည်။၎င်းအချက် (၄) ချက်မှာ …..

၁။ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့ များပေါင်းစည်းကာ ချင်းပြည်နှင့်ချင်းတမျိုးသားလုံးကို အကာအကွယ် ပေးနိုင် သည့် ပိုမိုကျစ်လစ်ခိုင်မာသောတပ်မတော်တစ်ရပ် (Standard Army) အဖြစ် တိုးမြှင့်ဖွဲ့စည်း နိုင်ရန်အခြေခံမူများ ချမှတ်ခဲ့ကြသည်။

၂။ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင်ချင်းပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုသည့် ချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်ရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်ခြင်းအစရှိသော ဒီမိုကရေစီစံနှုန်းထားများပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

၃။ ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍ သော်လည်းကောင်း စစ်ရေး၊ နိုင်ငံရေးနှင့်လူမှုစီးပွားရေး မူဝါဒများ ရေးဆွဲနိုင်ရေးအတွက် အခြေခံသဘော တူညီချက်များချမှတ်ခဲ့ကြသည်။

 ၄။ ချင်းညီနောင် ထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်သွား မည့်အပြင် ကျန်းမာရေး၊ ပညာရေး၊စားနပ်ရိက္ခာဖူလုံရေး အစရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်တွင်း ပြည်ပရှိမိဘပြည်သူများ၊ တော်လှန်ရေးအင်အား စုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံသဘောတူညီချက်များ ချမှတ်ခဲ့ကြသည်။

 

 

 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.