(သတင်းမီဒီယာများ ရေရှည်ရပ်တည်နိုင်ရန် နိုင်ငံတကာအကူအညီထက် ကိုယ်ပိုင်ဝင်ငွေရရှိနိုင်ရေး ဆွေးနွေး)
မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁၂/၂ဝ၂၅
နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ(Ethnic Media Conference – EMC)ကို မြန်မာပြည်ပြင်ပတစ်နေရာတွင် သုံးရက်ကြာကျင်းပခဲ့သည်ဟု သိရသည်။
“အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး”ဆိုသည့်ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါညီလာခံကို နိုင်ငံတကာ မြန်မာသတင်းအဖွဲ့(Burma News International - BNI)က ဦးဆောင်ပြီး ပြီးခဲ့သည့် မေလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု BNI က မေ ၁ဝ ရက်တွင် ထုတ်ပြန်သည်။
ညီလာခံတွင် လွတ်လပ်သော မြန်မာသတင်းမီဒီယာများမှ သတင်းသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်အချို့နှင့် မီဒီယာပံ့ပိုးသည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း လူဦးရေ ၁၃ဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု ကျင်းပရေးကော်မတီမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပျက်နေသည့် နိုင်ငံရေးအကျပ်အတည်းကြားမှ ရှင်သန်ရုန်းကန်နေရသော တိုင်းရင်းသားဒေသအသီးသီးမှ သတင်းမီဒီယာများ၏ အခက်အခဲအကျပ်အတည်းများနှင့် ယင်းအခက်အခဲများကို မည်သို့မည်ပုံကျော်လွှားဖြေရှင်းသင့်သည့်အချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်ဟု ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ မအားမီက နိရဉ္စရာကို ပြောသည်။
“နိုင်ငံအတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတစ်ခုတည်းမဟုတ်ဘူး။ နောက်ထပ်တစ်ခုက ဘာရှိသလဲဆိုတော့ မီဒီယာအခင်းအကျင်းအတွက် ငွေကြေးထောက်ပံ့မှုအခွင့်အလမ်းတွေ လျော့နည်းသွားတဲ့ကိစ္စ၊ ဖြတ်တောက်ခံရတဲ့ကိစ္စတွေကြောင့် ကျမတို့ မီဒီယာတွေ ဆက်ပြီးရှင်သန်နိုင်ရေးအတွက် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုအခွင့်အလမ်းတွေရှာမလဲ။ အလားအလာက ဘယ်လိုရှိလဲဆိုတာကို ဒီမှာ တက်လာတဲ့ သတင်းသမားတွေ၊ CSO တွေ၊ နိုင်ငံတကာသံရုံးတချို့လည်း ပါတယ်ပေါ့လေ။ Stakeholders တွေ၊ သူတို့ရဲ့အကြံပြုချက်တွေ၊ ဘယ်လိုဝိုင်းဝန်းပြီး လုပ်နိုင်မလဲဆိုတဲ့ဟာမျိုးပေါ့နော်။ ဘယ်နေရာတွေမှာ အခက်အခဲ ဖြစ်နေလဲ။ ဘယ်လိုဝိုင်းဝန်းပြီး အဖြေရှာကြမလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီနှစ် EMC ကို ကျင်းပခဲ့တာဖြစ်ပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
အလားတူ သတင်းမီဒီယာများရေရှည်ရပ်တည်နိုင်ရေးနှင့် သတင်းလုပ်ငန်းများရပ်တန့်မသွားစေရန် နိုင်ငံတကာကူညီထောက်ပံ့မှုများအပြင် သတင်းမီဒီယာတစ်ခုချင်းစီက ကိုယ်ပိုင်ဝင်ငွေရရှိနိုင်စေမည့် နည်းလမ်းများကို ရှာဖွေကြိုးစားသင့်ကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟုလည်း BNI အယ်ဒီတာဘုတ်အဖွဲ့ဝင် ဆရာမနန်းဖောဂေက နိရဉ္စရာကို ပြောသည်။
“အဓိကကတော့ လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေက ရေရှည်မီဒီယာလုပ်ငန်းကိုပေါ့နော်။ သတင်းထုတ်လုပ်မှုလုပ်ငန်းကို ရေရှည်ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့အတွက်က အကူအညီတွေက လျော့ပါးလာတယ်ပေါ့နော်။ လျော့ပါးလာတဲ့အခါကျတော့ ကြာလို့ရှိရင် ဒီသတင်းမီဒီယာအားဖြင့် အများပြည်သူကို ဝန်ဆောင်မှုမလုပ်နိုင်တော့ဘူးဆိုရင် အများပြည်သူတွေ၊ သတင်းပရိသတ်တွေကလည်း သတင်းအချက်အလက်တွေ မသိတော့ဘူးဖြစ်သွားမှာပေါ့နော်။ ဆိုတဲ့အခါကျကတော့ သတင်းမီဒီယာတွေ၊ သတင်းဌာနတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက်က အရေးကြီးလာတဲ့အတွက် အလှူရှင်တွေရဲ့အကူအညီတွေအပြင် မိမိရဲ့သတင်းဌာနအသီးသီးကလည်း၊ တစ်ခုချင်းစီကလည်း ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေလေးတွေ ရှာဖွေနိုင်ဖို့လေးတွေကို ဒါက လုပ်သွားရတော့မယ်နော်။ တစ်ဆက်တည်းမှာ လုပ်သွားရတော့မယ်။ လုပ်သွားသင့်တယ်ပေါ့နော်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် မြန်မာပြည်သူများနှင့်အတူ သတင်းမီဒီယာများလည်း ခက်ခဲကျပ်တည်းသွားခဲ့ရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလတွင်းက အမေရိကန်နိုင်ငံတွင် အသစ်တက်လာသည့် သမ္မတသစ် ဒေါ်နယ်ထရမ့်ကလည်း နိုင်ငံတကာကိုထောက်ပံ့ကူညီနေသည့်အကူအညီများကို ရပ်ဆိုင်းခဲ့သည့်အတွက် အမေရိကန်၏အကူအညီများကိုရယူနေသည့် မြန်မာနိုင်ငံရှိ သတင်းဌာနအများအပြားလည်း ရပ်တည်ရခက်ခဲသွားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ရုရှားနှင့် ယူကရိန်းစစ်ပွဲကဲ့သို့သော ကမ္ဘာ့နိုင်ငံများ၏ စစ်ရေးစစ်ရာကိစ္စရပ်များကြောင့်လည်း သတင်းမီဒီယာများ ရပ်တည်ရ ခက်ခဲလာနေသည်ဟု ဝါရင့်သတင်းသမားတစ်ဦးဖြစ်သူ မစ္ဇျိမသတင်းဌာန၏ သတင်းခန်းစီမံခန့်ခွဲသူ ဆရာ ဦးစိန်ဝင်းက နိရဉ္စရာကို ပြောသည်။
ယင်းကြောင့် သတင်းမီဒီယာများအနေဖြင့် ဆက်လက်လည်ပတ်ရပ်တည်လိုပါက နိုင်ငံတကာ၏ကူညီထောက်ပံ့မှုထက် ကိုယ်တိုင်ဝင်ငွေရှာပြီး ရုန်းကန်ကြရမည်ဟုလည်း သူက ဆိုသည်။
“မီဒီယာသမားတွေအနေနဲ့၊ လွတ်လပ်တဲ့သတင်းစာသမားတွေအနေနဲ့ ဆက်ရှိနေဖို့၊ ဆက်လည်ပတ်နိုင်ဖို့က ကိုယ့်အားကိုယ်ကိုးရမဲ့ဟာမျိုးပဲ။ ငွေပါ ကိုယ့်ဟာကိုယ်ရှာရမဲ့ဟာမျိုးပေါ့နော်။ အလှူ့ရှင်နိုင်ငံတွေက ရှိတယ်ဆိုရင်တောင် ရာခိုင်နှုန်းနည်းနည်းလေးပဲရှိမှာ။ အဲဒါတော့ အရှိတရားပဲ။ အဲဒီတော့ ကိုယ်က ဒါလုပ်ချင်တယ်။ ဒါက တကယ်ကိုပဲ သတင်းစာလွတ်လပ်ခွင့်အတွက် ယုံကြည်တယ်။ သတင်းစာလွတ်လပ်ခွင့်အတွက် မဖြစ်မနေဆက်ပြီးတော့ ရပ်တည်မယ်။ နောက်ပြီးတော့ စစ်ကောင်စီက မီဒီယာတွေကိုရပ်သွားစေချင်တာကို ကိုယ်က မရပ်ဘဲ ဆက်လုပ်မယ်လို့ဆုံးဖြတ်တဲ့အခါကျရင် ကျနော်တို့တွေကတော့ ဖြစ်တဲ့နည်းနဲ့ ဆက်ပြီးတော့ ရုန်းကန်နေရတာပဲပေါ့နော်”ဟု ပြောသည်။
လက်ရှိတွင် အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်၏ အကူအညီများဖြတ်တောက်မှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာရပ်တည်လာခဲ့သည့် အမေရိကန်အသံ (VOA)နှင့် လွတ်လပ်သောအာရှအသံ(RFA)စသည့် သတင်းဌာနကြီးများပင် ပိတ်သိမ်းသွားခဲ့ရသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားသတင်းမီဒီယာများအနေဖြင့်လည်း ကြံ့ကြံ့ခံရပ်တည်နေရပြီး အချို့သတင်းဌာနများတွင် ဝန်ထမ်းဦးရေနှင့် ပုံမှန်ထုတ်လွှင့်နေကျ အစီအစဉ်များကို လျှော့ချခြင်းတို့ကို လုပ်ဆောင်နေရသည်ဟု BNI အဖွဲ့ဝင် ရခိုင်အခြေစိုက် DMG သတင်းဌာန၏ အယ်ဒီတာ ကိုနေဝင်းစံက နိရဉ္စရာကို ပြောသည်။
“ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကလည်း ဘယ်လောက်အထိ သွားမလဲဆိုတာကို ကျနော်တို့ မှန်းဆလို့မရသေးဘူး။ အဲလိုမျိုးအနေအထားမျိုးမှာ တိုင်းရင်းမီဒီယာတွေကတော့ ကြံ့ကြံ့ခံပြီးတော့ ဆက်လုပ်သွားရမဲ့အနေအထားမျိုးကို ကျနော်တို့တွေ့ရတယ်။ တချို့ဆိုရင် လုံးဝရပ်နားထားရတဲ့အနေအထားမျိုးဖြစ်သွားတာတို့၊ ပြီးတော့ တချို့ တိုက်တွေဆိုရင် လူလျှော့ရတဲ့အနေအထားမျိုးတွေပေါ့နော်။ အဲလိုမျိုးအခြေအနေတွေဖြစ်လာတာတွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ မီဒီယာထုတ်ကုန်တွေကိုတော့ ကျနော်တို့ ဆက်ပြီးတော့ ဒီကြားကာလအခက်အခဲတွေကြားကနေပြီးတော့ ဆက်ထုတ်သွားဖို့ဆိုတဲ့ရည်မှန်းချက်တွေ ရှိသေးတယ်။ လုံးဝ ပျောက်ဆုံးသွားမဲ့အနေအထားမျိုးတော့ မဟုတ်ဘူးပေါ့နော်”ဟု ပြောသည်။
ယင်းသို့ တိုင်းရင်းမီဒီယာများ၏ လွတ်လပ်ခွင့်နှင့် အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်သင့်သည့်နည်းလမ်းများအား ဝိုင်းဝန်းအဖြေရှာဆွေးနွေးနိုင်ရန် တိုင်းရင်းမီဒီယာညီလာခံကို တိုင်းရင်းသားဒေသများမှ သတင်းဌာနများဖြင့်ဖွဲ့စည်းထားသည့် BNI အဖွဲ့က ဦးဆောင်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်ကာ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်တစ်ခုစီတွင် အလှည့်ကျကျင်းပလာခဲ့ခြင်းဖြစ်သည်။
၂ဝ၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အဆိုပါညီလာခံကို မြန်မာပြည်ပြင်ပတွင်သာ ကျင်းပနိုင်တော့ကြောင်း သိရသည်။
ဓာတ်ပုံ - နဝမအကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံကျင်းပခဲ့စဉ်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။