Preview

ဒီပဲယင်းတွင် စာသင်ကျောင်းကိုဗုံးကြဲရန် အမိန့်ပေးသူများအား အရေးယူအပြစ်ပေးသွားမည်ဟု NUG ဆို

လူထက်နိုင် | မေ ၁၃/ ၂၀၂၅ | ကြည့်ရှုသူ :2556
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ မေ ၁၃ /၂၀၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးသူများအား အရေးယူအပြစ်ပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန်ကြီးဌာနက ယမန်နေ့ မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

“အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက် ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး၊ ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း NUG က ဆိုသည်။

ယမန်နေ့ မေလ ၁၂ ရက်နေ့၊ နံနက် (၁၀) နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်း ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ဆရာမနှစ်ဦးနှင့် ကျောင်းသူ၊ ကျောင်းသား ကလေးသူငယ် ၂၀ ဦး ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိကြောင်း ကနဦးသတင်းများအရသိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသွားကြသည့်ကျောင်းသူ၊ ကျောင်းသားများသည် Grade 2,3,4,5,7,9,10 နှင့် Grade 11 တို့မှဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

blob

စစ်ကောင်စီကမူ ဒီပဲယင်းရှိ အဆိုပါစာသင်ကျောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိဟု ယနေ့ မေလ ၁၃ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် လိမ်လည်ထုတ်ပြန်ထားသည်။

ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များကမူ အဆိုပါစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့သည့် ဗုံးသီးအစများအပါအဝင် သက်သေအများအပြားကို ရရှိထားသည်ဟု ပြောဆိုကြသည်။

ယခုတိုက်ခိုက်ခံခဲ့ရသော စာသင်ကျောင်းသည် ဒီပဲယင်းမြို့နယ်အနောက်ခြမ်း အိုးထိမ်းတွင်းမြောက်ရွာတွင်တည်ရှိသော NUG ၏ ကြားကာလ ပညာရေးကျောင်းတစ်ကျောင်းဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ-MFP

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.