ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ မေ ၁၃/ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို ဗုံးကြဲခြင်းမရှိဟု စစ်ကောင်စီက မျက်နှာပြောင်တိုက်ပြီး ငြင်းဆိုလိုက်သည်။
ယမန်နေ့ မေလ ၁၂ ရက်တွင် အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းဗုံးကြဲခံရမှုကြောင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀ ဦးနှင့် ဆရာမနှစ်ဦးတို့ အစုလိုက်၊ အပြုံလိုက် သေဆုံးသွားခြင်းမှာ သူတို့လက်ချက်မဟုတ်ဟု စစ်ကောင်စီက သူတို့ပိုင်မီဒီယာများမှတဆင့် ယနေ့ မေလ ၁၃ ရက်တွင် ထုတ်ပြန်ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲနေသော စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများအား ဗုံးကြဲတိုက်ခိုက်မှု မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ငြင်းဆိုထားသည်။
ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များကမူ အဆိုပါစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့သည့် ဗုံးသီးအစများအပါအဝင် သက်သေအများအပြားကို ရရှိထားသည်ဟု ပြောဆိုကြသည်။
စစ်ကောင်စီက ယခုကဲ့သို့ ငြင်းဆိုမှုမှာ အရှက်မရှိသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။
"စာသင်ကျောင်းဆိုတာက အရပ်ဖက်ပစ်မှတ်။ ဒီလိုမျိုး လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်တဲ့အတွက် ဝါ၊ စိမ်း၊ နီ အလံလွှင့်ထားတာကိုလည်း တွေ့ရတယ်။ နိုင်ငံတော်အလံ လွှင့်ထားတဲ့ စာသင်ကျောင်းကို ဗုံးကြဲတာက အရှက်မရှိတာပေါ့" ဟု နိရဉ္စရာကို ပြောသည်။
အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို ယမန်နေ့ မေလ ၁၂ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် မိတ္ထီလာရှိ ရှမ်းတဲလေတပ်စခန်းမှ စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များကလည်း အိုးထိမ်းတွင်းစာသင်ကျောင်းအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာမနှစ်ဦးအပါအဝင် ကျောင်းသူ၊ ကျောင်းသား ၂ဝ ဦးပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရသူ အယောက် ၄ဝ ရှိသည်ဟု ဓာတ်ပုံ၊ ရုပ်သံများနှင့်တကွ ထုတ်ပြန်ထားသည်။
သေဆုံးသွားကြသည့်ကျောင်းသူ၊ ကျောင်းသားများသည် Grade 2,3,4,5,7,9,10 နှင့် Grade 11 တို့မှဖြစ်သည်ဟု သိရသည်။
အဆိုပါစာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးစေခိုင်းသူများအားလည်း စုံစမ်းဖော်ထုတ်အပြစ်ပေးသွားမည်ဟု NUG က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါစာသင်ကျောင်းသည် ဒီပဲယင်းမြို့နယ်အနောက်ခြမ်း အိုးထိမ်းတွင်းမြောက်ရွာတွင်တည်ရှိသော NUG ၏ ကြားကာလ ပညာရေးကျောင်းတစ်ကျောင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါကျောင်းတွင် စာသင်ခန်း ၁၂ ခန်းပါရှိသည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ဒီပဲယင်း ပကဖ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။