(ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမည်ဟု ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့များထုတ်ပြန်)
နိရဉ္စရာ၊ မေ ၁၄ /၂၀၂၅
ဧရာ၀တီတိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာများကို ပစ်ခတ်တိုက်ခိုက်၍ အရပ်သား ၉ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရှိခဲ့ကာ လူနေအိမ် ၃၀ ခန့်ပျက်စီးခဲ့သည်ဟု ဧရာ၀တီတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် AYA PDF အမှတ် ၂၉ ဗျူဟာနှင့် ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) မှ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သေဆုံးသူ ၉ ဦးမှာ သရက်ပင်ကြီးအုပ်စုမှ ၂ ဦး၊ သတ္တိကုန်းကျေးရွာမှ ၄ ဦး၊ ချင်းညောင်ကျေးရွာမှ ၃ ဦးတို့ဖြစ်ကြသည်။
သေဆုံးသူများအထဲတွင် ကလေးငယ်များလည်းပါဝင်ပြီး ၎င်းတို့မှာ သတ္တိကုန်းကျေးရွာမှ မောင်ကောင်းထက်ပိုင် (၄) နှစ်နှင့် ချင်းညောင်ကျေးရွာမှ မောင်စွမ်းလင်းထက် (၁၂) နှစ်တို့ဖြစ်ကြသည်။
ဒဏ်ရာရရှိသွားသူများမှာ စပြင်ကျေးရွာက ၃ ဦး၊ ကျောင်းစုကျေးရွာက ၃ ဦး၊ ဘာလီချောင်းကျေးရွာက တစ်ဦးနှင့် ရဟိုင်းဖျားကျေးရွာက တစ်ဦးတို့ဖြစ်ကြပြီး ပန်းတောကြီး၊ စမ်းကုန်း၊ သရက်ပင်ကြီးအုပ်စုမှ၊ သတ္တိကုန်းကျေးရွာ၊ ဂွေးပင်တောက်၊ တုံးတော၊ ပေါ်တောမူ၊ မြိုကုန်း၊ ရွှေလောင်းကျင်းနှင့် ကျောင်းစု စသည့် ကျေးရွာများမှ အိမ်ခြေ ၃၀ ခန့် ပျက်စီးသွားခဲ့သည်ဟု ဖော်ပြသည်။
၎င်းစာရင်းမှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၅ ရက်နေ့အထိဖြစ်ကြောင်း၊ ဧရာဝတီတိုင်းရှိ ကျေးရွာများဖြစ်ကြသည်ဟု ဖော်ပြထားသည်။
ဧပြီလနှင့်မေလ (ပထမပတ်) အတွင်း စစ်ကောင်စီသည် ရေကြည်မြို့နယ်အခြေစိုက်အမတ (၃၄၄) တပ်စခန်းနှင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများမှ ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာအိမ်ခြေ အဆောက်အအုံနှင့် အရပ်သားပြည်သူလူထုအား လေယာဥ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး (မီးလောင်ဗုံး)များဖြင့်ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်းအတွင်း တော်လှန်စစ်များတိုးချဲ့လာသည်နှင့်အမျှ စစ်ရေးအရရှုံးနိမ့်နေသောအကြမ်းဖက်စစ်ကောင်စီမှ သူရဲဘောဆန်စွာ အရပ်သားပြည်သူများအားပစ်မှတ်ထားတိုက်ခိုက်မှုများ နေ့စဥ်နှင့်အမျှ ဆက်တိုက်ပြုလုပ်လာနေသည်ကိုတွေ့ရသည်ဟု ဆိုသည်။
အရပ်သားပြည်သူထိခိုက်သေဆုံးမှုနှင့် ဘာသာရေးအဆောက်အဦ၊ နေအိမ်အဆောက်အဦများပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
“ကျွန်ုပ်တို့အနေဖြင့်လည်း စစ်ကောင်စီ၏စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသောပြည်သူလူထုများနှင့် ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်“ ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။