Preview

အပစ်ရပ်ကာလ စစ်ကောင်စီကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် အရပ်သား ၁၈၂ ဦးသေဆုံးပြီး ၂ဝဝ ကျော်ဒဏ်ရာရဟု NLD ထုတ်ပြန်

မောင်စာဂ | မေ ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :275
ပြည်တွင်း သတင်း

(စစ်ကောင်စီ၏လုပ်ရပ်ကို ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့က လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက်ပေးရန်တောင်းဆို)

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁၅/၂ဝ၂၅

အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် အရပ်သား ၁၈၂ ဦးသေဆုံးပြီး ၂ဝဝ ကျော်ဒဏ်ရာရသွားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့တွင် ထုတ်ပြန်သည်။

လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD)က ကောက်ယူရရှိထားသောစာရင်းများအရ အပစ်ရပ်ကာလအတွင်း ဧပြီလ ၃ ရက်နေ့မှ မေလ ၁၃ ရက်အထိ တိုင်းနှင့်ပြည်နယ် ၁၁ ခုသို့ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု (၁၈၁)ကြိမ်ကြောင့် သေဆုံးသူ ပြည်သူ (၁၈၂)ဦးတွင် ၁၈ နှစ်အောက် (၃၄)ဦးနှင့် ဒဏ်ရာရသူ (၂၉၈)ဦးတွင် ၁၈ နှစ်အောက် (၇၆)ဦး ပါဝင်သည်ဟု NLD ၏ ယနေ့ မေလ ၁၅ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆောက်အဦပေါင်း ၁၁၈ ခုတွင် ဘာသာရေးအဆောက်အဦ ၁၂ ခု၊ စာသင်ကျောင်း ၈ ကျောင်းနှင့် ဆေးခန်း ၄ ခုပါဝင်သည်ဟုလည်း ဖော်ပြသည်။

ငလျင်ဘေးသင့်ဒေသများဖြစ်သော မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့သည် တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ခဲ့သည်ဟုလည်း ဆိုထားသည်။

blob
“အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုများမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း အနောက်ခြမ်း အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၇ မိနစ်တွင် စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲချမှုကြောင့် ဆရာမ (၂)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၂)ဦး သေဆုံးခဲ့မှု၊ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းသို့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သဖြင့် ကလေးငယ်များနှင့် မိခင်များအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့မှုတို့ဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ မေလ ၁၄ ရက်၊ ညနေပိုင်းကလည်း ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်ဖြစ်သော ရွာမရပ်ကွက်သို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အရပ်သားအချို့ ဒဏ်ရာရရှိကာ နေအိမ် ၂ဝ ခန့် ပျက်စီးသွားခဲ့ရသည်။

သို့သော် ကျောက်တော်မြို့ပေါ် ထိခိုက်သေဆုံးစာရင်းကိုမူ NLD ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပါ။

မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့သောငလျင်ကြီးအပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစု အသီးသီးက ငလျင်ဘေးသင့်ဒေသများအတွက် ယာယီအပစ်အခတ်ရပ်စဲရေးများ ကြေညာခဲ့သည်။

စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့မှစတင်၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ငလျင်ဘေးသင့်ဒေသများအပါအဝင် ဒေသအသီးသီးသို့ လေကြောင်းမှတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်း သားများအား ညှဉ်းပမ်းနှိပ်စက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိနေသည်ဟု NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

blob
တိုင်းနှင့်ပြည်နယ် ၅ ခုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း (၁၅) ကြိမ်တွင် သေဆုံးပြည်သူ (၁၄) ဦးနှင့် ဒဏ်ရာရ (၄၃)ဦးရှိရာ ၁၈ နှစ်အောက် ကလေးသူငယ် (၈) ဦး ပါဝင်သည်ဟု ဆိုထားသည်။

ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတို့၏အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကြောင့် သေဆုံးပြည်သူ (၁၆၉) ဦးရှိရာတွင် အသက် ၇ လသား ကလေးငယ်အပါအဝင် ၁၈ နှစ်အောက်သေဆုံးသူ (၃၆) ဦးရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

(၅)ဦးနှင့်အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု (၈)ကြိမ် ကျူးလွန်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

မေလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းပြီး ရွာသား (၁၁) ဦးကို ပစ်သတ်၍ (၈) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

မကွေးတိုင်း၊ ဒေါင်းနေအကျဉ်းထောင်တွင် ပြင်ပတိုက်ခိုက်မှုနှင့်ယှဉ်လျက် ထောင်ဗူးဝ မျှော်စင်မှ ထောင်တွင်းသို့ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား (၂)ဦးသေဆုံးပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုအောင်ခန့်ဦးနှင့် တောင်တွင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်တို့သည် အသက်အန္တရာယ်စိုးရိမ်ရ သည့်အခြေအနေတွင် ရှိနေသည့်အပြင် ဧပြီလ ၂၇ ရက်နေ့တွင် အကျဉ်းဦးစီးအရာရှိ မင်းလွင်ဦးနှင့်အဖွဲ့က ဝိုင်းဝန်းရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား အစ္စလမ်ဘာသာရေးခေါင်းဆောင် ဦးမြတ်ကို သေဆုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ မင်းအောင်လှိုင်ဦးဆောင်သော အာဏာလုစစ်ကောင်စီသည် အပစ်ရပ်ရေး ထုတ်ပြန်ချက်များကိုချိုးဖောက်ပြီး အရပ်သားပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity)နှင့် စစ်ရာဇဝတ်မှုများ (War Crimes)ကို ဆက်တိုက်ကျူးလွန်လျက်ရှိသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက်ပေးရန်လည်း NLD က ထည့်သွင်း တိုက်တွန်းထားသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.