နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၅
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား (Salang Kaba Lanyaw Zawng Hra) သည်“ကချင်ပြည်နှင့် ကချင်လူမျိုးများအပေါ် သစ္စာစောင့်သိသောသူ” ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရားသည်မေလ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင်ခရစ်တော်၌ အိပ်ပျော်သွားခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရားကွယ်လွန်သွားခြင်းအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ မေလ (၁၇) ရက်နေ့စွဲဖြင့် ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရားသည်သူတာဝန်ထမ်းဆောင်ခဲ့သော တော်လှန်ရေးသက်တမ်းတစ်လျှောက်တွင် ကချင်လူမျိုးများနှင့် KIO/KIA အဖွဲ့အစည်းအတွက် ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးအတွက် အနစ်နာခံ စွန့်လွှတ်ပြီး ပေးအပ်လာသော တာဝန်တိုင်းကို တက်တက်ကြွကြွ ထမ်းဆောင်နိုင်တတ်သောသူတစ်ဦးအဖြစ် အများ၏ လေးစားခြင်းကို ခံခဲ့ရသောသူဖြစ်ကြောင်း ဖော်ပြသည်။
၎င်းပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရားသည်တော်လှန်ရေးတာဝန်၊အဖွဲ့အစည်းများ၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သောသူဖြစ်သည် သာမက အိမ်ထောင်တာဝန်များကိုလည်း မပျက်မကွက်ခဲ့သူဖြစ်ကာ ကချင်ပြည်နှင့် ကချင်လူမျိုးများ အပေါ် သစ္စာစောင့်သိသောသူအဖြစ် သူ၏ မှတ်တမ်းကောင်းများက ဖော်ပြနေသည် ဖြစ်ကြောင်းဖြင့်လည်း ဖော်ပြထားသည်။
ဘာသာတရား ရိုသေကိုင်းရှိုင်းပြီး ဆွေမျိုးညာတကာအပေါ် ကြည့်ရှု စောင်မတတ်သောသူ အဖြစ် ထင်ရှားကျော်ကြားသောသူဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရားသည် ကွယ်လွန်ချိန်တွင် အသက် (၈၇) နှစ် ရှိပြီဖြစ်သည်။
ဦးလညော်ဇောင်းဟရားသည် ၂၀၀၆ ခုနှစ် ဇွန်လ KIO ဥက္ကဋ္ဌဟောင်း ဦးလမုန်တူးဂျိုင် ကွန်လွန်သွားပြီးနောက် KIO ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အနားယူခဲ့သည်ဟုသိရသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရားသည် ခရစ်တော်ခြေရင်း၌ အိပ်ပျော်သွားကြောင်း ကြားသိရသဖြင့် မိသားစု၊ ဆွေမျိုး၊ အဖွဲ့အစည်းနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။